Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့လူသားမဆန်တဲ့ကျူးလွန်မှုတွေကို သတိပြုဖို့၊ စစ်ရာဇဝတ်မှုတိုးမြှင့်ကျူးလွန်တာတွေ ရပ်တန့်ရေး အမြန်ဖိအားပေးဖို့ နိုင်ငံတကာထံ KNU တောင်းဆို

အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ တိုးမြှင့်ကျူးလွန်မှုတွေ ရပ်တန့်ရေး နိုင်င့တကာက မြန်မာစစ်တပ်ကို အမြန်ဆုံး အပြင်းထန်ဆုံးနဲ့ ပြိုင်တူဖိအားပေးဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ မတ်လ ၁၂ရက် မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မတ်လ၅ရက်က ရေတွင်းကုန်းကျေးရွာအုပ်စုမှာ စစ်တပ်က ပြည်သူတွေကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း​တွေနဲ့ စစ်သား​တွေကို ဒရုန်းဖြင့်ရိူက်ကူးထားတဲ့ပုံမှာတွေ့ရစဉ်။ ဓာတ်ပုံ - KNU

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ တိုးမြှင့်ကျူးလွန်မှုတွေ ရပ်တန့်ရေး နိုင်င့တကာက မြန်မာစစ်တပ်ကို အမြန်ဆုံး အပြင်းထန်ဆုံးနဲ့ ပြိုင်တူဖိအားပေးဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ မတ်လ ၁၂ရက် မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

စစ်အုပ်စုက KNUနယ်မြေအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာ အပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်တာတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာတဲ့ ဖြစ်ရပ်တွေကို အသိပေးပြီး အခုလို တိုက်တွန်းခဲ့တာပါ။

” အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေနှင့် လူသားမဆန်သောကျူးလွန်မှုများကို သတိပြု၍ စိုးရိမ်ပူပန်မှုဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်ခြင်းထက်ကျော်လွန်ကာ အနှစ်သာရရှိသော ချဉ်းကပ်လုပ် ဆောင်မှုများဖြင့် ထိရောက်မှုရှိအောင်ဆောင်ရွက်ရန် KNU အနေနှင့် အလေးအနက် တိုက်တွန်းသည်”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အနှစ်သာရရှိသော ချဉ်းကပ်လုပ်ဆောင်မှုဟုဆိုရာတွင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အာဏာသိမ်းစစ်တပ်အပေါ် အပြင်းထန်ဆုံးသော ဖိအားများကို အမြင့်ဆုံးနဲ့ တပြိုင်တည်း ဖိအားများပေးတာ၊ အထူးသဖြင့် အရပ်သားပြည်သူကို သတ်ဖြတ်ဖို့ သုံးတဲ့တိုက်လေယာဉ်သုံးဆီ၊ လက်နက်တွေ ၊ ဘဏ္ဍာငွေတွေ ရတဲ့ လမ်းကြောင်းတွေကို ထိရောက်စွာ ဖြတ်တောက်တာ၊ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသော ပြည်သူများ အတွက် ရေရှည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများပေးတာတွေ ပါဝင်ရမယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ရှုပ်ထွေးနက်နဲပြီး အမြဲပြောင်းလဲနေသော အားလုံးရဲ့ဘုံစိန်ခေါ်ချက်များအတွက် လက်တွေ့ကျသောအဖြေများ ရရှိနိုင်ရေး အတွက် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ multi-track ချဉ်းကပ်မှုမျိုးဖြင့် အများပြည်သူရဲ့ မျှော်မှန်း ချက်များကို ဖော်ဆောင်နေသော ဒီမိုကရေစီအရေး လှုပ်ရှားသောအတိုက်အခံအဖွဲ့များ၊ တော်လှန်ရေး အာဏာပိုင်အဖွဲ့အစည်းများနဲ့ အဓိပ္ပါယ်ရှိသောထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ဖို့ KNUက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော် ကိုစတင်တော့မယ်ဆိုကာ နိုင်ငံတစ်ဝန်းရှိ ပြည်သူ လူထုများ၊ လူထုနဲ့ သက်ဆိုင်သောအဆောက် အုံများကို ပစ်မှတ်ထားပြီး သာလွန်အင်အားသုံးတိုက်ခိုက်မှုများ နေ့စဉ် ရက်ဆက် အရှိန် အဟုန်တိုးမြင့်ကျူးလွန်နေတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြပါတယ်။

လတ်တလော ကမ္ဘာ့နိုင်ငံများက အီရန်နဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း တင်းမာမှုများအပေါ်အာရုံစိုက်နေကြတဲ့ အချိန်ကိုအခွင့်ကောင်းယူပြီး အာဏာသိမ်းစစ်တပ်က တိုက်ပွဲလုံးဝမဖြစ်သောနေရာများ၊ ကုန်သွယ်ရေး၊ လမ်းပန်းဆက် သွယ်ရေး အချက်အခြာကျသောနေရာများအပါအဝင် ၎င်းတို့ဆုံးရှုံးသွားသော နယ်မြေများ ပြန်လည်သိမ်းယူနိုင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းများကို ဖျက်ဆီးဖို့ ရည်ရွယ်ကာ အရပ်သားပြည်သူတွေကို လက်လွတ်စပယ် လေကြောင်းစမှ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ တိုးမြှင့် လုပ်ဆောင်နေကြောင်း အသိပေးပါတယ်။
အချက်အလက်တွေအရ KNU ရဲ့ ကော်သူးလေနယ်မြေတခွင်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ၌ပင် အာဏာသိမ်းစစ်တပ်သည် လေကြောင်း.p မှု အကြိမ် (၆၀) ကျော်ပြုလုပ်ခဲ့ပြီး စစ်တပ်လက်ချက်ကြောင့် အရပ်သားပြည်သူ (၅၀) ထက်မနည်း အသက်ဆုံးရှုံးခဲ့ရကာ ကလေးငယ်တွေ ပါဝင်ကြောင်း အသိပေးပါတယ်။

စစ်တပ် ကျူးလွန်ခဲ့မှုများစွာကို KNUက ဖော်ပြခဲ့ရာ မတ်လ(၉)ရက်နေ့ မှာ KNU ညောင်လေးပင်ခရိုင်အတွင်း စစ်အုပ်စုက အစုလိုက် အပြုံလိုက် သတ်ဖြတ်လို့ သက်ကြီးရွယ်အိုအမျိုးသမီးတွေနဲ့ ကလေးငယ် တွေ ပါဝင်တဲ့ အရပ်သား ပြည်သူ ၃၀ဦးထက်မနည်းသေဆုံးခဲ့တဲ့ ဖြစ်ရပ်၊ မြိတ်ထားဝယ်ခရိုင် တဖီလေးခိုရွာ ခရစ်ယာန် ဘုရားကျောင်းမှာ ကျောင်းသား/သူများ ရက်တိုကျမ်းစာသင်တန်း နဲ့ ဂီတတူရိယာသင်တန်းကို ဗုံးကြဲခဲ့လို့ ကလေးငယ် ၇ဦး အပါအဝင် ၁၁ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေလည်း ပါရှိပါတယ်။
ကလေးငယ်များ ကျောင်းသားကျောင်းသူများဟာ အနာဂတ်အတွက် ကျောင်းစာကို အာရုံစိုက်ရမည့်အစား တိုက်လေယာဉ်သံ များကို နားစွင့်ကြောက်ရွံ့ နေကြရကြောင်း KNUက ထုတ်ပြန်ပါတယ်။

“ခဲတံ နှင့် ဘောပင် များကို အေးချမ်းစွာ ကိုင်ဆောင်ရမည့်အစား ဗုံးဒဏ်မှလွှတ် မြောက်ရန် ပုန်းအောင်းနေကြရပါသည်။စာသင်ကျောင်းများ၊ စာသင်ခန်းများ နှင့် ပြည်သူများ နေထိုင်သည့် နေရာများ သည် ဘေးကင်းလုံခြုံရာနေရာများ ဖြစ်သင့်သော်လည်း ယနေ့တွင်မူ ထိုနေရာများသည် စစ်ကောင်စီ၏ ပစ်မှတ်များ ဖြစ်နေရသည်” လို့ KNUက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူများကို နေထိုင်လုပ်ကိုင်စားသောက်၍မရအောင် လူနေအိမ်များ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအဆောက်အဦးများကို နေ့စဉ်ရက်ဆက် ပစ်မှတ်ထားဗုံးကြဲ တိုက် ခိုက်သတ်ဖြတ်နေခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများ ပြုလုပ်နေတဲ့ အပြင် နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းရဲ့ ထိတွေ့ဆက်ဆံခြင်း၊ တိုက်တွန်းပြောဆိုခြင်းတို့ကို လုံးဝဥပေက္ခာပြုခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“လွန်ခဲ့သော (၅) နှစ်က မြန်မာ့ အရေးဖြေရှင်းရေးအတွက် ASEAN မှချမှတ်ခဲ့သော သဘောတူညီချက် (၅) ချက်၏ ပထမအချက်ဖြစ်သည့် “အကြမ်း ဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရေး” သည် ယနေ့ထက်တိုင် အရာမထင်သည့်အပြင် ပိုမိုဆိုးရွား လာသည်ကို တွေ့ရသည်” လို့ KNUက ထုတ်ပြန်ပါတယ်။

ဒီလို အာဏာသိမ်းစစ်တပ်ကရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်နှောင့်ယှက်နေခြင်းများ ကျူးလွန်နေသ၍ အပြန်အလှန် တိုက်ပွဲများသည်လည်း ဆက်လက်ဖြစ်ပွားနေပြီး ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးကို ဆက်လက်ခြိမ်းခြောက် နေမှာ ဖြစ်သလို အားလုံးလိုလားသော ရေရှည်တည်တံ့မယ့် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်း အခွင့်အလမ်းဟာလည်း အလှမ်းဝေးနေဦးမယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုကို မျက်ဝါးထင်ထင် တွေ့ နေရပါလျက်နဲ့ မျက်ကွယ်ပြု နှုတ်ငုံနေခြင်း၊ ဖိအားပေးအရေးယူရန် ပျက်ကွက်ကာ အာဏာသိမ်းစစ်တပ်ကို သံတမန် အခင်းအကျဉ်းတွင် ဆက်လက်နေရာပေး ထိတွေ့ဆက်ဆံနေခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ပိုမိုအားပေး ရာရောက်ကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ပိုမိုကြီးမားလာသော လူသားချင်းစာနာထောက်ထားမှုအခြေအနေအတွက် အကူအညီများ အရေးပေါ်လိုအပ် ကြောင်း ဖော်ပြကာလူသားချင်းစာနာထောက်ထားမှုအကူအညီများကို အာဏာသိမ်းစစ်တပ် မှတဆင့်သာ ပေးအပ်မည်ဆိုရင်လည်း သန်းနဲ့ ချီသော အတိဒုက္ခရောက် ပြည်သူတွေဟာ ကျန်ရစ်ခဲ့မည်သာဖြစ်ဟု အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုချင်းစီတိုင်းဟာ သူတို့ရဲ့တရားဝင်မှု မရှိခြင်းနဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရားပျက်ပြား မှုကို ပိုမိုဖော်ထုတ်ပြသနေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

KNUအနေနဲ့ အများပြည်သူများကို ကာကွယ်ဖို့ စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့ ဆန္ဒ၊ ခံယူချက်နဲ့ ရည်မှန်း ချက်တူသော မဟာမိတ်အဖွဲ့အားလုံးနဲ့ ပူးပေါင်းကာ တန်းတူညီမျှမှု၊ တရားမျှတမှု၊ လူ့ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အခိုင်အမာ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။