ရေနက်ပိုင်း ပင်လယ်ကြမ်းပြင်ကနေ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်နိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဆွေးနွေးသွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ပြောကြားခဲ့ပါတယ်။
ခေတ်သစ် အီလက်ထရောနစ် ကိရိယာတွေနဲ့ စစ်လက်နက်တွေ ထုတ်လုပ်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ မြေရှားသတ္တုတွေရဲ့ ကမ္ဘာ့စျေးကွက် တစ်ခုလုံးနီးပါးကို တရုတ်က ခြယ်လှယ် ထိန်းချုပ်ထားပါတယ်။ အမေရိကန်ရော၊ ဂျပန်တို့ဟာ အဲဒီ သတ္တုတွေ ရရှိရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကို လျှော့ချဖို့ ကြိုးစားနေပါတယ်။
ဂျပန်ဟာ ပစိဖိတ် သမုဒ္ဒရာထဲက ဝေးလံသီခေါင်လှတဲ့ ကျွန်းတစ်ခုနားက ပင်လယ်ကြမ်းပြင်အောက်က မြေရှားသတ္တုသိုက်ကို ထောက်လှမ်းပြီး နမူနာ မြေသားတွေ တူးဖော်ရယူတဲ့ မစ်ရှင်ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ဒါဟာ သတ္တုတူးဖော်ရေးဆိုင်ရာ သိပ္ပံပညာရပ်မှာ အံ့ဩစရာ မှတ်တိုင်သစ်တစ်ခု ဖြစ်လာပါတယ်။
ဂျပန်ဟာ မီနာမီတိုရီရှီမာ ကျွန်းနားမှာရှိတဲ့ ပင်လယ်အောက် အနက်မီတာပေါင်း ၆၀၀၀ လောက်က မြေရှားသတ္တု ကြွယ်ဝတဲ့ အနည်အနှစ်တွေကို အောင်အောင်မြင်မြင် တူးယူလာနိုင်ခဲ့တာပါ။

Public Service Announcement
မနှစ်က အောက်တိုဘာလတုန်းက ဂျပန်ကို အမေရိကန် သမ္မတ ထရမ့် လာရောက်ခဲ့ချိန်တုန်းက မြေရှားသတ္တုကိစ္စ ဂျပန်နဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေရဲ့ ရည်မှန်းချက်တွေထဲမှာ မီနာမီတိုရီရှီမာ ကျွန်းနားက ပင်လယ်ကြမ်းပြင်အောက် သတ္တုသိုက် ကိစ္စလည်း ပါဝင်လာနိုင်ကြောင်း၊ ဒီကိစ္စကို လာမယ့် အမေရိကန်-ဂျပန် ထိပ်သီး အစည်းအဝေးမှာ သူနဲ့ ထရမ့်တို့ ဆွေးနွေးကြဖို့ လျာထားကြောင်း တကအိချိက ဆိုပါတယ်။
ထရမ့်နဲ့ တကအိချိတို့ဟာ မတ်လ ၁၉ ရက်နေ့ကျရင် အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ စီစဉ်ထားကြပါတယ်။ သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပူးပေါင်းမှုတွေ လုပ်နိုင်မလဲ ဆိုတာကို အသေးစိတ် ညှိနှိုင်း အဖြေရှာနိုင်ဖို့ ရည်ရွယ်ထားကြောင်း တကအိချိက ဆက်ပြောပါတယ်။
ဂျပန်နဲ့ တရုတ်တို့ကြား လက်ရှိ ဆက်ဆံရေး အေးခဲနေတဲ့ အခြေအနေမှာ ဂျပန်ဟာ ပင်လယ်ကြမ်းပြင်အောက်ကနေ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်နိုင်ရေးကို ပိုမို အားထည့် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တကအိချိက တကယ်လို့ ထိုင်ဝမ်ကိုသာ တရုတ်က စစ်ပြုတိုက်ခိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူညီဖို့ တပ်တွေ လွှတ်ပေးမယ်လို့ ပြောကြားခဲ့ရာက တရုတ်နဲ့ တင်းမာမှုတွေ စတင်လာတာ ဖြစ်ပါတယ်။
တရုတ်ဟာ နိုင်ငံတကာ မြေရှားသတ္တု စျေးကွက်ကို လက်ဝါးကြီး အုပ်ထားနိုင်တဲ့ အားသာချက်ကို နိုင်ငံခြား ဆက်ဆံရေး အခင်းအကျင်းတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ ဥပမာ ထရမ့်က တရုတ်အပေါ် ကုန်သွယ်ရေးအရ ဖိအားပေးလာတဲ့ အခြေအနေမျိုးမှာ တရုတ်က အမေရိကန်ဆီ မြေရှားသတ္တု တင်ပို့မှုတွေကို ကန့်သတ်တဲ့ နည်းလမ်းမျိုးနဲ့ တုံ့ပြန်တာတွေ ရှိခဲ့ဖူးပါတယ်။
ကိုးကား: AFP


















































