လောင်စာ ချွေတာရေး အစီအစဉ် တစ်ခုအဖြစ် အစိုးရ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်းမယ်လို့ မလေးရှား အစိုးရက ပြောကြားခဲ့ပါတယ်။
ဧပြီ ၁၅ ရက်နေ့ကစလို့ မလေးရှား အစိုးရ ဝန်ကြီးဌာနတွေ၊ အေဂျင်စီတွေ၊ ဆက်စပ် အဖွဲ့အစည်းတွေနဲ့ အစိုးရပိုင် ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေ အများစုဟာ ရုံးလာမတက်ဘဲ အိမ်ကနေပဲ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ရေနံစျေးတွေ မြင့်တက်မှုနဲ့ လောင်စာဆီ ရှားပါးမှုတွေက မလေးရှားကိုလည်း သက်ရောက် ရိုက်ခတ်လာပြီ ဖြစ်တာကြောင့် သင့်တော်တဲ့ စီမံကိုင်တွယ်မှုတွေ လိုအပ်လာပြီလို့ မလေးရှား ဝန်ကြီးချုပ်ရုံး ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။
ဒါကြောင့်လည်း အစိုးရ ဝန်ထမ်းတွေ အိမ်ကပဲ အလုပ်လုပ်ရမယ်ဆိုတဲ့ ပေါ်လစီကို အစိုးရ အဖွဲ့ဝင်တွေက ညှိနှိုင်း ဆုံးဖြတ် သဘောတူခဲ့ကြောင်းလည်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အထူးအစည်းအဝေး တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement
အခုအစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို မပြောသေးပေမယ့် သိပ်မကြာခင် ထုတ်ပြန်သွားမယ်လို့လည်း အန်ဝါက ဆိုပါတယ်။ နေအိမ်ကနေပဲ အလုပ်လုပ်ရမယ်လို့ သတ်မှတ်တဲ့ အစိုးရ ဝန်ထမ်းတွေထဲမှာ ဆေးရုံတွေ၊ ရဲဌာနတွေ၊ မီးသတ်ဌာနတွေလိုမျိုး အရေးပေါ် တုံ့ပြန်မှုတွေ လိုအပ်တဲ့ ဌာနတွေကိုတော့ ခြွင်းချက်အဖြစ် ချန်လှပ်ထားမယ်လို့ ယူဆရပါတယ်။
မလေးရှား အစိုးရဟာ ပြည်တွင်းလောင်စာ ဝယ်ယူမှုတွေမှာ နိုင်ငံသားတွေအတွက် ငွေကြေး အမြောက်အမြား ကူညီ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် နိုင်ငံသား တစ်ဦးဟာ ဓာတ်ဆီ တစ်လီတာကို အမေရိကန် တစ်ဒေါ်လာရဲ့ တစ်ဝက်စာလောက် ငွေကြေးနဲ့ ဝယ်ယူခွင့် ရှိနေပါတယ်။
ဒါပေမဲ့ လောလောဆယ် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံလာတဲ့ အကျပ်အတည်းကြောင့် အစိုးရဟာ ပြည်သူတွေရဲ့ လောင်စာ ဝယ်ယူခွင့်ကို တစ်လ လီတာ ၃၀၀ ခွဲတမ်းကနေ လီတာ ၂၀၀ ထိ လျှော့ချဖို့ ညွှန်ကြားထားရပါတယ်။
အစိုးရ ထောက်ပံ့ကြေး ခံစားခွင့် မရှိတဲ့ လောင်စာဆီတွေကတော့ လက်ရှိ နိုင်ငံတကာ ပေါက်စျေးအတိုင်း စျေးကွက်ထဲမှာ ဆက်လက်ရောင်းချခွင့် ရထားကြောင်းလည်း သိရပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Reuters


















































