မန္တလေးမြို့ (၆၂)လမ်းတွင် ကိုယ်ဝန်ဆောင်သူနာပြုနှင့် ၎င်း၏အမျိုးသားတို့ ပစ်သတ်ခံရမှုသည် မိမိတို့လက်ချက်မဟုတ်ကြောင်း မန္တလေးမြို့ရှိ ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော သူနာပြုဇနီးမောင်နှံပစ်ခတ်ခံရမှုတွင် UG မြို့ပြပျောက်ကျားနှင့် Local PDF များအနေဖြင့် ပြည်သူများရှင်းလင်းအောင် ထုတ်ပြန်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ကျွန်တော်တို့ Rangers of Mandalay ROMမြို့ပြပြောက်ကျားနှင့်
မဟာမိတ်ညီကိုများအနေဖြင့် လုပ်ဆောင်မှုမရှိပါ၍ ကျွန်ုပ်တို့နှင့် သက်ဆိုင်မှုမရှိပါကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
အလားတူ မန္တလေးမြို့ရှိ NGU:FF (မြေခွေးတပ်ဖွဲ့)ကလည်း သူနာပြုဇနီးမောင်နှံပစ်ခတ်ခံရမှုသည် မိမိတို့ NGU:FF (မြေခွေးတပ်ဖွဲ့)နှင့် မဟာမိတ် UGအဖွဲ့များ၏ လက်ချက် လုံးဝမဟုတ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
ယမန်နေ့(ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၈ နာရီဝန်းကျင်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ (၆၂)လမ်းရှိ ကုတင် ၃၀၀ ဆေးရုံရှေ့တွင် လမ်းပေါ်တွင်ဖြတ်သန်းသွားသည့် အမျိုးသားတစ်ဦးမောင်းနှင်ကာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလိုက်ပါလာသည့် ဇနီးမောင်နှံနှစ်ယောက်၏ဆိုင်ကယ်အား ပစ်ခတ်ခံရပြီး နှစ်ဦးလုံး သေဆုံးခဲ့သည်။

Public Service Announcement
အဆိုပါ သေဆုံးသူဇနီးမောင်နှံ၏ မိသားစုဝင်များထံသို့ အကြမ်းဖက်စစ်ကောင်စီ၏အရာရှိများက လာရောက်ကြည့်ရှု့နေသည့်ဓာတ်ပုံများလည်း လူမှုကွန်ရက်စာမျက်နှာပေါ် တက်လာခဲ့သည်။ စစ်တပ်ဘက်ကလည်း ၎င်းတို့ပစ်ခတ်မှုမဟုတ်ကြောင်း ငြင်းဆိုထားသည်။


















































