ဧပြီ-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring
ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေမှာ ပိုပြီးပြင်းထန်တဲ့ပုံစံပြောင်းလာပြီး ပိုပြီးသတိပြုကြဖို့ အာရက္ခတပ်တော်(AA)နဲ့ အရပ်ဖက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေပါတယ်။
မနေ့က ဧပြီ ၁၉ရက်က မြောက်ဦးနဲ့ပုဏ္ဏားကျွန်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုမှာ ပစ်မှတ်တစ်ခုတည်းကို ဗုံးအကြိမ်ကြိမ် ကြဲတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
” အရင်က ဂျက်ပတ်ဝဲပြီးမှ ပစ်တာ။ အခုက တစ်ခါလာရင် ၂စီးအထက်နဲ့ လာတာ။ ပစ်ပြီးမှသိရတာ။ ပထမတစ်ကြိမ်ကြဲပြီး ၁၀မိနစ်ခန့်မှာ အဲ့ဒီပစ်မှတ်ကိုပဲ ထပ်ကြဲတယ်။ နောက်နာရီဝက်ခန့်မှာ ထပ်ကြဲတယ်။တစ်နေရာထဲပို ဗုံး ၁၀လုံးမကကြဲတယ်။ ဒါက ၂၀၂၆ အစပိုင်းကတည်းက ပုံစံပြောင်းလာတာ”လို့ စစ်ဘေးရှောင်တွေကိုအကူအညီတွေပေးနေတဲ့ ရခိုင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
မြောက်ဦးနဲ့ပုဏ္ဏားကျွန်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုကလည်း အဲဒီပုံစံနဲ့တိုက်ခိုက်သွားတာဖြစ်ပြီး အရပ်သားတစ်ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့တယ်လို့AAက သတင်းထုတ်ပြန်ထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာက ယခင်နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး (နတလ) သင်တန်းကျောင်း၊ရွာဟောင်းပိုင်းရပ်ကွက်နဲ့ လျှပ်စစ်ဓာတ်အားပေး/မီးခွဲရုံကို ဂျက်ဖိုက်တာ သုံးစီးနဲ့ ခုနစ်ကြိမ်ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ငှက်ကြီးကျွန်းကျေးရွာကိုလည်း ဗုံးကြဲသွားခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် မီးခွဲရုံ မီးလောင်ကျွမ်းသွားခဲ့ပြီး လူနေအိမ်ခြောက်လုံး ပျက်စီးသလို အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၉ရက် မနက် ၁၀နာရီခန့်နဲ့ နေ့လယ် ၁၂နာရီ ၃၀ မိနစ်ခန့်မှာလည်း မြောက်ဦးမြို့ ကျောက်ဆည်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲလို့ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံတွေ၊ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်အချို့တို့ မီးလောင်ပျက်စီးခဲ့ပြီး စာသင်သား သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ကျောက်တော်မြို့နဲ့ပလက်ဝမြို့မှာ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကိုလည်း ယခုရက်သတ္တပတ်အတွင်း ဂျက်ဖိုက်တာငါးစီး၊ Y12နှစ်စီးတို့နဲ့ တချိန်တည်းမှာ ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AAထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
AAက စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။ အဲဒီမြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး လေကြောင်းတိုင်ခိုက်မှု အရှိန်မြှင့်နေပါတယ်။
ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့မြို့နယ်တွေကို စစ်ရေးရည်မှန်းချက်ပြည့်ဝတဲ့အထိ တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ရက်နေ့ကျရောက်တဲ့ ၁၇နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ထုတ်ဖော်ပြောကြားထားပြီး စစ်ကောင်စီကအရပ်သားပြည်သူတွေကိုဦးတည်ပြီးတော့ပစ်ခတ်နိုင်လို့ စစ်ရေးနဲ့လုံခြုံရေးအန္တရာယ်သတိပြုကြဖို့ AAက ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်ရာမှာ ပြောင်းလဲလာတဲ့ ပုံစံကိုလည်း AAက ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သီးခြား သတိပေးထားပါတယ်။
ဂျက်တိုက်လေယာဉ်နှစ်စီးအထက်နဲ့ ကင်းထောက်လေယာဉ်တွေ တစ်ပြိုင်တည်းသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ ယခင်ကထက် ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ လေကြောင်းနဲ့ ရေကြောင်းရန်ကို ပိုမို သတိရှိကြဖို့ သတိပေးပါတယ်။




















































