Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီမှု ချိုးဖောက်ခံရလို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အတားအဆီး ဖြစ်နေကြောင်း အီရန်ပြော

အပစ်ရပ် သဘောတူညီမှု ချိုးဖောက်ခံခဲ့ရတဲ့ အခြေအနေတွေက ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အဓိက အတားအဆီး ဖြစ်နေကြောင်း အီရန်က ပြောကြားခဲ့ပါတယ်။

အပစ်ရပ် သဘောတူညီမှု ချိုးဖောက်ခံခဲ့ရတဲ့ အခြေအနေတွေက ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် အဓိက အတားအဆီး ဖြစ်နေကြောင်း အီရန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် အီရန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်နေတဲ့ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ရေတပ်အင်အားသုံး ပိတ်ဆို့တာ အပါအဝင် အပစ်ရပ် သဘောတူညီမှုကို အမေရိကန်ဖက်က ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း ဧပြီ ၂၂ ရက်နေ့က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာ့စီးပွားရေးကို ဓားစာခံ အနေနဲ့ အသုံးချတဲ့ သဘောမျိုး ဖြစ်နေသလို အစ္စရေးရဲ့ စစ်ပွဲလိုလားတဲ့ ဝါဒကလည်း ဘက်ပေါင်းစုံကနေ အနှောင့်အယှက် ပေးနေတယ်လို့ သူက ဆိုပါတယ်။

အီရန်နဲ့ အမေရိကန်တို့ရဲ့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာ ဧပြီ ၂၂ ရက်နေ့မှာ သက်တမ်းကုန်ဆုံးသွားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆိုပြုချက် တစ်ခုကို အီရန် ခေါင်းဆောင်တွေကြား ညှိနှိုင်းရတာ အဆင်ပြေအောင် အပစ်ရပ်ကာလ သက်တမ်း ထပ်တိုးပေးထားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အနေနဲ့ ညှိနှိုင်းမှုတွေအတွက် လမ်းဖွင့်ပေးထားကြောင်း၊ ဒါပေမဲ့ အပစ်ရပ် သဘောတူညီမှုအပေါ် ကတိချိုးဖောက်တာ၊ အမေရိကန် ရေတပ်က ပိတ်ဆို့တာ၊ အမေရိကန်ဖက်က ခြိမ်းခြောက်တာတွေဟာ တကယ် စစ်မှန်တဲ့ ဆွေးနွေးမှုတွေအတွက် အဓိက အတားအဆီး ဖြစ်နေတယ်လို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ပြောကြားခဲ့ပါတယ်။

အီရန်ဟာ နိုင်ငံတောင်ပိုင်းက ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားကြောင်း ကြေညာချက်ကိုလည်း လောလောဆယ် ရုပ်သိမ်းပေးဖို့ မဖြစ်နိုင်သေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အပစ်ရပ် သဘောတူညီမှုကို အမေရိကန်နဲ့ အစ္စရေးတို့ဖက်က အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့ အခြေအနေကြောင့် အီရန်ကလည်း အဲဒီ နိုင်ငံတကာ ရေနံနဲ့ စွမ်းအင် တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဆိုပါတယ်။

ဧပြီ ၂၂ ရက်နေ့က အီရန်ဟာ ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ကုန်တင် သင်္ဘော နှစ်စီးကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက ပိုင်ဆိုင်ပြီး ပနားမားအလံ လွှင့်ထူထားတဲ့ Euphoria ကုန်တင် သင်္ဘောဟာလည်း အီရန်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် အီရန်ကတော့ အဲဒီရေယာဉ်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ အီရန် အနောက်ဖက် ရေမိုင် ၈ မိုင်လောက် အကွာမှာ ကျောက်ချထားခဲ့တဲ့ Euphoria သင်္ဘော တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ရေယာဉ်က ကြီးကြီးမားမား အပျက်အစီး မရှိခဲ့သလို အမှုထမ်းအားလုံး ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ရှုပ်ထွေးတဲ့ အခြေအနေတချို့ ရှိနေတဲ့တိုင် အမေရိကန်နဲ့ အီရန်တို့ဟာ ပထမတစ်ကြိမ်တုန်းက သဘောတူညီမှု မရရှိဘဲ အဆုံးသတ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အခုသီတင်းပတ်ထဲမှာ ပါကစ္စတန် နိုင်ငံမှာ နောက်တစ်ကြိမ် လုပ်ဆောင်ကြဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ ဧပြီ ၂၃ ရက်ထိ အခြေအနေ အရတော့ ဆွေးနွေးမှုတွေကို မစတင်နိုင်သေးပါဘူး။ အဲဒီ ဆွေးနွေးပွဲတွေတက်ဖို့ ပါကစ္စတန်ဆီ သွားရောက်မယ်လို့ သတင်းထွက်နေတဲ့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်ဟာလည်း အမေရိကန်မှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က သမ္မတထရမ့် ကြေညာခဲ့တဲ့ အပစ်ရပ် သက်တမ်းတိုး ကာလဟာ နောက်ဆုံးရက် တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဟောမုဇ် ရေလက်ကြားနားမှာ အီရန် ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က လက်ရှိ ပိတ်ဆို့ထားတဲ့ အခင်းအကျင်းအပေါ် ထရမ့်က ကျေနပ်နေပြီး တခြားတစ်ဖက်မှာ အီရန်က အရမ်း အားနည်းနေပြီ ဆိုတာကိုလည်း သဘောပေါက်ထားကြောင်း သူက ဆိုပါတယ်။

နိုင်ဖဲတွေ အကုန်လုံး သမ္မတ ထရမ့်ရဲ့ လက်ထဲမှာ ရှိနေတယ်လို့ လီယာဗစ်က မှတ်ချက်ပေးခဲ့ပါတယ်။ စစ်ပွဲက ဘယ်အချိန်မှာ ပြီးမလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ သူက ဒီကိစ္စဟာ သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။ အမေရိကန် နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးလို့ ယုံကြည်တဲ့ ကိစ္စကို သမ္မတထရမ့်က ရွေးချယ်လိမ့်မယ်လို့ လီယာဗစ်က ပြောဆိုသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ