ရုရှားဆီကနေ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းတွေကို ယူကရိန်းက ပြန်ဖွင့်ပေးခဲ့တဲ့နောက် ဥရောပ သမဂ္ဂ (EU)က ယူကရိန်းဆီ ယူရို ၉၀ ဘီလီယံ ထုတ်ချေးပေးမယ့် အစီအစဉ်က ရှောရှောရှူရှူ လမ်းပွင့်လာခဲ့ပြီ ဖြစ်ပါတယ်။
ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားဆီ သွယ်တန်းထားတဲ့ ရုရှားရေနံ ပိုက်လိုင်းတွေကို ပြန်ဖွင့်ပေးလိုက်ကြောင်း ဧပြီ ၂၂ ရက်နေ့မှာ ယူကရိန်းက ကြေညာခဲ့တဲ့နောက် EU အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအမတ်ကြီးတွေဟာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံခဲ့ပြီး ချေးငွေကိစ္စ ကနဦး သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားအပေါ် အကြိမ် ၂၀ မြောက် ပိတ်ဆို့မှု အစီအမံသစ်တွေ ကိစ္စကိုလည်း ဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။
အဲဒီ သဘောတူညီမှု နှစ်ခုစလုံးကို ဧပြီ ၂၃ ရက်နေ့မှာ တရားဝင် လက်မှတ်ရေးထိုးနိုင်မယ်လို့ ယုံကြည်ရပါတယ်။ မူလက ယူကရိန်းဆီ ချေးငွေ ယူရို ၉၀ ဘီလီယံ ထုတ်ပေးဖို့ EU အဖွဲ့ဝင် နိုင်ငံတွေကြား ဒီဇင်ဘာလ ကတည်းက ညှိနှိုင်း သဘောတူထားခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား တိုက်ခိုက်မှုကြောင့် ရေနံပိုက်လိုင်းတွေ ထိခိုက် ပျက်စီးခဲ့တဲ့အကြောင်း ယူကရိန်းက ထုတ်ပြန်ခဲ့တဲ့နောက် EU အဖွဲ့ဝင် ဟန်ဂေရီ နိုင်ငံရဲ့ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ယူကရိန်းဆီ ငွေချေးမယ့် ကိစ္စကို ကန့်ကွက်ခဲ့ပါတယ်။
အော်ဘန်က ရုရှားရေနံပိုက်လိုင်းတွေ ပုံမှန် ပြန်အလုပ်မလုပ်မချင်း ယူကရိန်းဆီ EU ချေးငွေ ထုတ်ပေးရေး ကိစ္စကို ထောက်ခံမှာ မဟုတ်ကြောင်း အတိအလင်း သတိပေးခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာတော့ ယူကရိန်းက ပိုက်လိုင်းပြင်ဆင်မှုတွေ အားလုံး ပြီးစီးသွားပြီလို့ ကြေညာခဲ့ပြီး ရုရှားဖက်ကလည်း ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့ဆီ ရေနံပို့လွှတ်မှု ပြန်စတင်ပြီလို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement
ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့ပြီး သူ့ရဲ့ ၁၆ နှစ်ကြာ ဟန်ဂေရီ ဝန်ကြီးချုပ်နေရာ ဆုပ်ကိုင်ထားမှုကို အော်ဘန်က လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အခြေအနေကလည်း EUအတွက် ပိုပြီး လုပ်ရကိုင်ရ လွယ်ကူလာစေပါတယ်။ အော်ဘန်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး အရင်ကလည်း ယူကရိန်းကို ကူညီမယ့် EUရဲ့ အစီအမံတွေကို နှောင့်နှေးအောင် စွက်ဖက်တာတွေ ရှိခဲ့ဖူးပါတယ်။
ယူကရိန်းဟာ EUဆီက ချေးငွေကို အပူတပြင်း လိုအပ်နေတယ်လို့ EUရဲ့ နိုင်ငံရေးရေး မူဝါဒ အကြီးအကဲ ကာဂျာ ကာလက်စ်က သံအမတ်တွေ တွေ့ဆုံတဲ့ အစည်းအဝေး မတိုင်ခင်မှာ ပြောကြားခဲ့ပါသေးတယ်။
ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် တာရက်စ် ကက်ချ်ကာက EUဆီက ချေးငွေ ရရှိဖို့ ဆိုတာ ယူကရိန်းအတွက် သေရေးရှင်ရေး ကိစ္စမျိုး ဖြစ်ခဲ့တယ်လို့ မှတ်ချက်ပေးသွားပါတယ်။ အဲဒီ ချေးငွေထဲက သုံးပုံနှစ်ပုံကို ယူကရိန်းရဲ့ ကာကွယ်ရေး စွမ်းရည် ထိထိရောက်ရောက် မြှင့်တင်ဖို့ သုံးစွဲမှာဖြစ်ပြီး ကျန်တာတွေကိုတော့ ကဏ္ဍပေါင်းစုံ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့တွေဆီ မျှဝေပေးသွားမှာပါ။
နှစ်ဆန်းပိုင်းတုန်းက ရိုက်ယူထားတဲ့ ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေအရ ယူကရိန်းနိုင်ငံ ပိုင်နက်ထဲက ဖြတ်သန်းသွားတဲ့ ရုရှားရေနံ ပိုက်လိုင်းဟာ ယူကရိန်း အနောက်ပိုင်း၊ ဘရိုဒီ ဒေသနားမှာ သိသိသာသာ ထိခိုက်ပျက်စီးထားတာကို တွေ့ခဲ့ရပါတယ်။ ယူကရိန်းက အဲဒီပိုက်လိုင်းကို ပြန်ပြင်ဖို့ အချိန်လိုကြောင်း ထောက်ပြခဲ့ပြီး ပြင်ဆင်ရေး လုပ်ငန်းမှာ ပါဝင်နေတဲ့ ယူကရိန်း အင်ဂျင်နီယာတွေကိုလည်း ရုရှားက ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ကိုးကား: BBC


















































