Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒူတာတေးရဲ့ အယူခံကို ICC ပယ်ချ

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ အယူခံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ပယ်ချလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ အယူခံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ပယ်ချလိုက်ပါတယ်။

ဒူတာတေးဟာ သူ့ရဲ့ အာဏာသက်တမ်း အတောအတွင်း မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာ အာဏာပိုင်တွေ လူပေါင်း ထောင်နဲ့ချီ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေအတွက် ICCမှာ ဖမ်းဆီး စစ်ဆေးမှုကို ခံနေရတာ ဖြစ်ပါတယ်။

ဧပြီ ၂၂ ရက်နေ့မှာတော့ ဒူတာတေးရဲ့ ရှေ့နေတွေက သူတို့ရဲ့ အမှုသည်အပေါ် စွပ်စွဲချက်တွေကို ပယ်ဖျက်ပေးဖို့ ICCရဲ့ အယူခံရုံးမှာ လျှောက်ထားတောင်းဆိုခဲ့ပြီး အယူခံ တရားသူကြီးတွေက ငြင်းပယ်ခဲ့တာပါ။ ဖိလစ်ပိုင်မှာတော့ နစ်နာသူ မိသားစုဝင်တွေဟာ အဲဒီ ဆုံးဖြတ်ချက်အတွက် အောင်ပွဲခံခဲ့ကြပါတယ်။

ဒူတာတေးဟာ ပြီးခဲ့တဲ့နှစ်၊ မတ်လတုန်းက ပြည်တွင်းမှာ ဖမ်းဆီးခံခဲ့ရပြီး ကတည်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICCရဲ့ အချုပ်ခန်းထဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဧပြီ ၂၂ ရက်နေ့ ကြားနာမှုမှာတော့ သူဟာ တရားခွင်ကို ကိုယ်တိုင် တက်ရောက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင်ဟာ ၂၀၁၈ တုန်းက ICC အဖွဲ့ဝင် အဖြစ်က နုတ်ထွက်ခဲ့ဖူးပြီး အဲဒီအတွက်လည်း ဒူတာတေးရဲ့ အမှုကို ICCက ကိုင်တွယ်ကြားနာပိုင်ခွင့် မရှိဘူးလို့ သူ့ရဲ့ ရှေ့နေတွေက ခုခံ လျှောက်လဲခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၈၁ နှစ်အရွယ် ဒူတာတေးရဲ့ အမှုကို ဆက်လက် စုံစမ်းစစ်ဆေးသင့်ပြီး အမှုပိတ်ပေးဖို့ တောင်းဆိုမှုတွေကို ငြင်းပယ်သင့်ကြောင်း အောက်ရုံး ဆုံးဖြတ်ချက်ကို ICCရဲ့ အယူခံရုံးက ဆက်လက် အတည်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

ဒူတာတေးဟာ သူ့အပေါ် စွပ်စွဲထားတဲ့ ကျူးလွန်မှုတွေကို ၂၀၁၈ ခုနှစ် မတိုင်ခင် ကတည်းက စတင်နေခဲ့ပြီး ဖြစ်တယ်ဆိုတာ တွေ့ရှိရတဲ့အတွက် တရားဝင် စုံစမ်းစစ်ဆေးပိုင်ခွင့်ထဲ အကျုံးဝင်တယ်လို့ အယူခံရုံး တရားသူကြီးတွေက ကြေညာခဲ့ပါတယ်။

ICCရဲ့ တရားလို ရှေ့နေတွေက ဒူတာတေးဟာ မူးယစ်ဆေးဝါး သုံးစွဲသူ၊ မှောင်ခို ရောင်းဝယ်သူတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မရွံ့ အစုအဖွဲ့တွေ ဖွဲ့စည်းစေပြီး ငွေကြေး၊ လက်နက်နဲ့ လုပ်ပိုင်ခွင့်တွေကို ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ်အတောအတွင်း ထိထိရောက်ရောက် ထောက်ပံ့ပေးခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။

ဒူတာတေးကတော့ သူ့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒနဲ့ ပတ်သက်ရင် အမြဲတမ်း ခုခံပြောဆိုခဲ့သလို ရဲတွေနဲ့ အာဏာပိုင်တွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ကလွဲရင် ရာဇဝတ်သားတွေ၊ သံသယရှိသူတွေ မသတ်ဖို့ တိတိကျကျ ညွှန်ကြားခဲ့ကြောင်း ပြောပါတယ်။

ဖိလစ်ပိုင် တက္ကသိုလ်တစ်ခုရဲ့ ပရဝုဏ်ထဲမှာတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက တရားရုံး စီရင်ချက်ကို စောင့်ဆိုင်း ကြည့်ရှုနေခဲ့ပြီး လက်ခုပ်လက်ဝါးတီး ဩဘာပေးခဲ့ကြပါတယ်။ ဒူတာတေးပဲဖြစ်ဖြစ်၊ ဘယ်သူမဆို ဥပဒေရဲ့ အထက်မှာ နေလို့မရဘူးလို့ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အစီအမံတွေကြောင့် သားဖြစ်သူကို ဆုံးရှုံးခဲ့ရသူ နန်နက်တေး ကာစတီလိုက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ