မလက္ကာ ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းတဲ့ နိုင်ငံတကာ ရေယာဉ်တွေကို အခွန်စည်းကြပ် ကောက်ယူဖို့ စဉ်းစားသင့်ကြောင်း အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒီဝါက ပြောကြားခဲ့ပါတယ်။
မလက္ကာ ရေလက်ကြားရဲ့ ပထဝီဝင် အနေအထားက ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စွမ်းအင် သယ်ယူပို့ဆောင်ရေးမှာ အထူးအရေးပါပြီး ရေလက်ကြားနဲ့ ထိစပ်နေတဲ့ နိုင်ငံတွေကသာ အခွန်စည်းကြပ် ကောက်ယူမယ်ဆိုရင် အဲဒီအားသာချက်ကို အပြည့်အဝ အသုံးချဖို့ စိတ်ကူးတစ်ခု ဖြစ်လိမ့်မယ်လို့ ပူရ်ဘာယာက ဧပြီ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ အဖျားအနား အဆင့်မဟုတ်တဲ့ အဓိက ပလေယာ နိုင်ငံတစ်ခု ဖြစ်လာစေရမယ်ဆိုတဲ့ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ မျှော်မှန်းချက်တွေနဲ့လည်း အခုစိတ်ကူးက အရမ်း ကိုက်ညီနေတယ်လို့ ပူရ်ဘာယာက ဆိုပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ စွမ်းအင် တင်ပို့မှု မဟာဗျူဟာ နယ်မြေတစ်ခုမှာ တည်ရှိနေကြောင်း၊ ဒါပေမဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းတဲ့ သင်္ဘောတိုင်းက အခွန်အခ ဖြတ်သန်းခ ပေးဆောင်စရာ မလိုကြကြောင်း၊ ဒီလို ခွင့်ပြုထားတာဟာ မှန်သလား မှားသလားဆိုတာ သူကိုယ်တိုင်လည်း မသေချာတော့ကြောင်း ပူရ်ဘာယာက ပြောကြားခဲ့ပါတယ်။

Public Service Announcement
မလက္ကာဟာ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ စွမ်းအင် သယ်ယူပို့ဆောင်ရေးမှာ အရေးအကြီးဆုံး ရေလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပြီး လက်ရှိမှာတော့ ဖြတ်သန်းသွားလာတဲ့ ရေယာဉ်တွေအပေါ် အခွန်စည်းကြပ်မှု မရှိပါဘူး။ အဲဒီ ရေလက်ကြားဟာ အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတွေကို ဆက်သွယ်ပေးထားပြီး အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ ရေပိုင်နက်တွေနဲ့ ထိစပ်နေပါတယ်။
မလက္ကာ ရေလက်ကြား ဖြတ်သန်းခွင့်အတွက် အခွန်ကောက်ဖို့ ဆိုတာဟာ အမေရိကန်နဲ့ စစ်ပွဲကာလမှာ အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့ပြီး ဖြတ်သန်းသွားလာတဲ့ ရေယာဉ်တွေကို အခွန်စည်းကြပ်ခဲ့မှုကို အတုယူထားတဲ့ သဘောဖြစ်ကြောင်းလည်း အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီးက ဆိုပါတယ်။
မလက္ကာ ရေလက်ကြားမှာလည်း ထိစပ်နေတဲ့ နိုင်ငံသုံးခု ပူးပေါင်းပြီး အဲဒီ အစီအမံမျိုးသာ အကောင်အထည် ပေါ်လာမယ်ဆိုရင် ထိစပ်နေတဲ့ နိုင်ငံသုံးခုရဲ့ စီးပွားရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိစေနိုင်ကြောင်း သူက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို မူဝါဒမျိုး အကောင်အထည် ဖော်ဖို့ဆိုတာက အရမ်းလွယ်ကူ ရိုးရှင်းမှာ မဟုတ်သလို မလေးရှား၊ စင်ကာပူ အစိုးရတွေရဲ့ သဘောတူညီမှုပါ လိုအပ်ကြောင်း ပူရ်ဘာယာက ဝန်ခံခဲ့ပါတယ်။ မလက္ကာ ရေလက်ကြားရဲ့ ရေပြင် အစိတ်အပိုင်း အများစုဟာ အင်ဒိုနီးရှား ပိုင်နက်နဲ့ ထိစပ်နေပေမယ့် ရေလက်ကြား ဖြတ်သန်းခွင့် အခွန်ကောက်ယူတဲ့ လုပ်ရပ်မျိုးမှာ တစ်နိုင်ငံတည်း တစ်ဖက်သတ် ဆုံးဖြတ်လို့ မရကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။
မလက္ကာ ရေလက်ကြားနဲ့ ထိစပ်နေတဲ့ တခြား အရှေ့တောင်အာရှ နိုင်ငံနှစ်ခုကတော့ ပူရ်ဘာယာရဲ့ စိတ်ကူးကို ထောက်ခံလိုတဲ့ သဘောမျိုး မတွေ့ရပါဘူး။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလက်ခ်ရစ်ရှ်နန်က မလက္ကာနဲ့ စင်ကာပူ ရေလက်ကြားတွေက ကုန်သွယ်ရေကြောင်း သွားလာမှုတွေဟာ ပုံမှန်အတိုင်း ဖွင့်ထားဖို့ လိုကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ရေလမ်းကြောင်းတွေရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်မယ့် ဘယ်လုပ်ရပ်ကိုမှ စင်ကာပူက အားပေးမှာ မဟုတ်ကြောင်းလည်း ဘာလက်ခ်ရစ်ရှ်နန်က ဆိုပါတယ်။
အလားတူ မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး အန်သိုနီ လိုခီက မလေးရှားဟာ မလက္ကာ ရေလက်ကြားရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ဆက်လက် အလေးထား ထောက်ခံသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ရော၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှု အဖွဲ့ကြီးရဲ့ အဖွဲ့ဝင် အနေနဲ့ပါ မလေးရှားဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုက်ညီပြီး တိကျတဲ့ စည်းမျဉ်းတွေနဲ့ ရေးဆွဲထားတဲ့ စနစ်တွေကို လေးစားလိုက်နာ ကျင့်သုံးသွားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ကိုးကား: CNA

















































