ချားလ်စ်ဘုရင်ရဲ့ အမေရိကန် ခရီးစဉ်ကို အစပြုခဲ့ပြီဖြစ်ပြီး အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။
၂၀၀၇ ခုနှစ်နောက်ပိုင်း ဗြိတိန် ထီးဆောင်းမင်း တစ်ပါးရဲ့ ပထမဆုံး အိမ်ဖြူတော် ခရီးစဉ်ဟာ အမေရိကန်နဲ့ ဗြိတိန်တို့ကြားက မဟာမိတ် ဆက်ဆံရေးကို မြှင့်တင်နိုင်ဖို့ အရေးပါတဲ့ သံတမန်ရေး ခြေလှမ်းတစ်ခု အနေနဲ့လည်း ရှုမြင် ခံထားရပါတယ်။
ဧပြီ ၂၇ ရက်နေ့တုန်းက ချားလ်စ်ဘုရင်နဲ့ ကြင်ရာတော် ကယ်မီလာတို့ဟာ မေရီလန်းမှာရှိတဲ့ အန်ဒရူးစ် လေတပ်စခန်းဆီကို လေကြောင်းခရီးစဉ်နဲ့ ဆိုက်ရောက်လာခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ အိမ်ဖြူတော်ဆီ ခရီးဆက်ခဲ့ကြပြီး ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာ ထရမ့်တို့က ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဇနီးတွေဟာ အိမ်ဖြူတော်ရှေ့မှာ အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့တဲ့နောက် ကြိုတင် စီစဉ်ထားတဲ့အတိုင်း ထရမ့်က ချားလ်စ်နဲ့ ကယ်မီလာကို လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။

Public Service Announcement
ပြီးတော့ ဗြိတိန်ဘုရင်နဲ့ ကြင်ရာတော်ဟာ အိမ်ဖြူတော် ဥယျာဉ်ထဲကို လှည့်လည်ကြည့်ရှုခဲ့ပြီး အသစ်ချဲ့ထွင်ထားတဲ့ အိမ်ဖြူတော် ပုံစံငယ် ပျားအုံလေးနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။
အဲဒီနောက် ချားလ်စ်နဲ့ ကယ်မီလာတို့ဟာ အိမ်ဖြူတော်ကနေ ထွက်ခွာသွားပြီး ဗြိတိန် သံရုံးက ဥယျာဉ်ထဲမှာ ကျင်းပတဲ့ ပါတီပွဲကို တက်ရောက်ခဲ့ပြီး ရာနဲ့ချီတဲ့ ဧည့်သည်တွေကို တွေ့ဆုံခဲ့ပါတယ်။
ထရမ့်လက်ထက်မှာ အမေရိကန်ဟာ အစဉ်အလာ မဟာမိတ် ဗြိတိန်နဲ့ ဆက်ဆံရေး အေးခဲတဲ့ အခြေအနေတချို့ ရှိလာခဲ့ပြီး ချားလ်စ်ဘုရင်ရဲ့ ခရီးစဉ်က ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ဗြိတိန် သံတမန် အသိုက်အဝန်းက မျှော်လင့်နေပါတယ်။ အမေရိကန် နိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း လော့ဒ် ကင်မ် ဒါးရော့ချ်က ချားလ်ဘုရင်ဟာ ပင်ကိုစရိုက် အရကိုက ပါးနပ်ကျွမ်းကျင်တဲ့ သံတမန်တစ်ဦးလို့ ယူဆနိုင်ကြောင်း ပြောပါတယ်။
ချားလ်စ်ဘုရင်ဟာ အမေရိကန် လွှတ်တော်မှာလည်း မိန့်ခွန်းပြောမှာပါ။ သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ မကြာသေးခင်က ဝါရှင်တန်ဒီစီ မြို့တော်မှာ သမ္မတထရမ့် တက်ရောက်တဲ့ အခမ်းအနား တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးလည်း ထည့်သွင်း ပြောဆိုဖွယ် ရှိပါတယ်။
လေးရက်ကြာ ခရီးစဉ် အတောအတွင်း တော်ဝင်စုံတွဲဟာ ဝါရှင်တန်ဒီစီမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြုခြင်းကို ခံယူတာမျိုး အစီအစဉ်တွေကို တက်ရောက်မှာ ဖြစ်ပြီး အဲဒီနောက်မှာ နယူးယောက်နဲ့ ဗာဂျီးနီးယားတို့ကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။ အမေရိကန် ခရီးစဉ် ပြီးဆုံးရင်တော့ ချားလ်စ်ဘုရင်ဟာ ဘာမြူဒါကို သွားရောက်မှာ ဖြစ်ပါတယ်။ ဘက်ကင်ဂမ် နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီ နောက်ဆက်တွဲ ခရီးစဉ်ကို ကြင်ရာတော် ကယ်မီလာ လိုက်ပါသွားမယ်လို့ ဖော်ပြမထားခဲ့ပါဘူး။
ထရမ့်နဲ့ ချားလ်စ်ဘုရင်တို့ဟာ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာ လလယ်တုန်းက ထရမ့်ရဲ့ ဗြိတိန် ခရီးစဉ် အတောအတွင်း နောက်ဆုံး တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတုန်းက ထရမ့်ဟာ ချားလ်စ်ဘုရင် နန်းစံရာ ဘက်ကင်ဂမ် နန်းတော်ကို သွားရောက်ခဲ့ခြင်း မရှိဘဲ နှစ်ဦးသား ဝင်ဆာရဲတိုက်မှာ တွေ့ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – PA, Getty Images






















































