မေ-၁၊ ၂၀၂၆။ မိုမို/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို သိမ်းပိုက်ဖို့လာတဲ့ စစ်တပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူများစွာရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး(AIF Myanmar)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ တော်လှန်ရေးအင်အားစုတွေဆီကို ဂုဏ်ယူစွာနဲ့ အသိပေးတာဖြစ်ပြီး ချင်းတော်လှန်ရေး အာဇာနည်တွေ၊ ဖက်ဆစ်အာဏာရှင်စနစ် တော်လှန်ရေးနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီဆန်တဲ့လူမှုဘဝအတွက် ကမ္ဘာတစ်ဝန်း တိုက်ပွဲဝင်နေသူတွေကို ဂုဏ်ပြုထုတ်ပြန်ချက်လို့ ဆိုပါတယ်။
ခြောက်လကျော်ကြာ အာဏာသိမ်းစစ်တပ်က ချင်းတောင်တန်း လွတ်မြောက်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ကြိုးပမ်းခဲ့တာဖြစ်ပြီး ချင်းပြည်သူလူထုက နေ ပြည်တော်က စေလွှတ်တဲ့စစ်ကြောင်းတွေကို သမိုင်းဝင် ခုခံတွန်းလှန်ခဲ့ကာစစ်တပ်ဘက်က အကျအဆုံးများစွာ ရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement
စစ်တပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူများစွာရှိတယ်လို့ AIF ထုတ်ပြန် မေ-၁၊ ၂၀၂၆။ မိုမို/People's…
Posted by People's Spring on Thursday 30 April 2026
“ဒီတိုက်ခိုက်မှုတွေဟာ ဖလမ်းမြို့ပတ်ဝန်းကျင် ဧရိယာတွေမှာ ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်တွေက လေဆိပ်နဲ့ မြို့ကို စိတ်မကောင်းစွာပဲ လက်လွှတ်လိုက်ရတဲ့ အပတ်မတိုင်ခင်မှာ ဖြစ်ပွားခဲ့တာပါ”လို့ ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး (AIF Myanmar) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်မတော်(CNDF)ရဲ့ ထောက်ပံ့ပို့ဆောင်ရေးအကူအညီတွေနဲ့ FPV အသေခံဒရုန်း ရာပေါင်းများစွာအပါအဝင် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုကာ စစ်တပ်ရဲ့အရေးပါတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ် ဧပြီလက သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလက တန်ပြန် ထိုးစစ်ဆင်လာကာ ဒီ ဧပြီ ၂၅ ရက်က ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆုတ်ခွာခဲ့ရပါတယ်။
ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်က ချင်း ပြည်နယ် တောင်ပိုင်းက မြို့တွေကိုပါ ထပ်မံ ထိုးစစ် ဆင်ဖို့အတွက် မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ် ကြောင်းတွေ စုဖွဲ့နေတယ်လို့ သိရပါတယ်။
“စကမ တပ်အနေနဲ့ ကွပ်ပြည့်နင်းပြီး စစ်ကြောင်းထိုးနေတာ ဖြစ်တယ်။ ယောဒေသ ဖြစ်တဲ့ ဆောနယ်အတွင်းသို့ စကမ တပ်အင်အား ထောင်နဲ့ချီ လမ်းကြောင်း (၂) ခုနဲ့ ဝင်ရောက်ဖို့ ရှိနေပါတယ်။ လောလောဆယ်တော့ ဒီလောက်ပါပဲ”လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော် AA က ပလက်ဝကို ထိန်းချုပ်ထားပါတယ်။
ပြည်နယ် မြောက်ပိုင်း ဟားခါးနဲ့ တီးတိန်မြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး ရိခေါ်ဒါရ် နဲ့ တွန်းဇံမြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့က သိမ်းပိုက်ထားပါတယ်။ ထန်တလန်မြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။
ရုပ်သံ – AIF


















































