အမေရိကန်ဆီက တိုက်လေယာဉ် အသစ်တွေ ဝယ်ယူဖို့အတွက် အပြီးသတ် သဘောတူ ခွင့်ပြုချက် ရရှိခဲ့ကြောင်း အစ္စရေး အစိုးရက ကြေညာခဲ့ပါတယ်။
F-35 ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေနဲ့ F-15IA အမျိုးအစား စတုတ္ထမျိုးဆက် ဘက်စုံသုံး အဆင့်မြင့် တိုက်လေယာဉ်တွေ ဝယ်ယူရေး အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုပြုချက်တွေကို အစ္စရေးရဲ့ ဝန်ကြီးဌာနများ အသုံးစရိတ် စစ်ဆေးမှု ကော်မတီက ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
အစ္စရေးဟာ Lockheed Martinနဲ့ Boeing ကုမ္ပဏီတွေက အသီးသီး ထုတ်လုပ်ထားတဲ့ တိုက်လေယာဉ်တွေကို စုစုပေါင်း ဒေါ်လာ ဘီလီယံ ဆယ်ဂဏန်းတချို့ထိ အကုန်အကျခံ ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ ဒါဟာ အစ္စရေးက ဒေါ်လာ ၁၁၉ ဘီလီယံဖိုး အသုံးစရိတ် သတ်မှတ်ပြီး စစ်လက်နက်တွေ ချဲ့ထွင်ဝယ်ယူမယ့် စီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခုလို့လည်း သိရပါတယ်။
အဲဒီ လက်နက်ဝယ်ယူရေး အစီအမံရဲ့ ရည်ရွယ်ချက်ကတော့ အစ္စရေးရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်တွေကို ဖြည့်တင်းဖို့၊ တိုက်ပွဲဝင် စွမ်းဆောင်ရည်ကို နောက်ထပ် ဆယ်စုနှစ် တစ်ခုစာလောက် အသင့်ရှိနေစေဖို့ဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အစ္စရေးဟာ တခြားနိုင်ငံတွေအပေါ် အကြီးအကျယ် မှီခိုနေစရာ မလိုဘဲ လက်နက်ခဲယမ်း အများစုကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ အခုဆိုရင် အစ္စရေးဟာ စွမ်းဆောင်ရည် အရမ်းမြင့်တဲ့ ထိပ်တန်း စစ်လေယာဉ်တွေကို စမ်းသပ်တည်ဆောက်နေတယ်လို့လည်း နေတန်ညာဟုက ဆိုပါတယ်။
အခုနောက်ဆုံး ရရှိခဲ့တဲ့ သဘောတူညီချက်အရ အစ္စရေးဟာ F-35 နဲ့ F-15IA တစ်မျိုးကို ၂၅ စီးစီ ဝယ်ယူပြီး တိုက်လေယာဉ်အုပ် အသစ်တွေ ချဲ့ထွင် ဖွဲ့စည်းသွားမယ်လို့ သိပါတယ်။ အဆင့်မြင့် တိုက်လေယာဉ်တွေ ဖြည့်တင်း ဝယ်ယူခြင်းဟာ အစ္စရေးရဲ့ အနာဂတ် ကာကွယ်ရေး စွမ်းရည် ချဲ့ထွင် တည်ဆောက်မှုမှာ အခြေခံ အုတ်မြစ်ကောင်း ဖြစ်လာစေမယ့်အပြင် ဒေသတွင်းမှာ အစ္စရေးရဲ့ ထင်ရှားသိသာတဲ့ လေကြောင်းစိုးမိုးနိုင်စွမ်း အသာစီး ရမှုကိုပါ ဆက်လက် ထိန်းသိမ်းထားနိုင်စေလိမ့်မယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးဟာ F-35 တိုက်လေယာဉ်တွေ စုဖွဲ့ထားတဲ့ စတုတ္ထမြောက် စွမ်းရည်မြင့် တိုက်လေယာဉ်အုပ်တစ်ခု ဖွဲ့စည်းဖို့ လျာထားသလို ဒီဇင်ဘာလမှာတော့ Boeingဆီကနေ F-15IA တိုက်လေယာဉ် ၂၅ စီးကို ဒေါ်လာ ၈.၆ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အဲဒီ သဘောတူညီမှုမှာတော့ လိုအပ်တဲ့ အခြေအနေအပေါ် မူတည်ပြီး နောက်ထပ် F-15IA တိုက်လေယာဉ် ၂၅ စီး တိုးမြှင့်ဝယ်ယူနိုင်ခြေကိုပါ ထည့်သွင်း ဆွေးနွေးထားကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































