Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ ပထမဆုံး တိုက်ခိုက်ရေးဒုံးကျည် စမ်းသပ်မှုကို တရုတ် ရှုတ်ချ

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ ပထမဆုံး တိုက်ခိုက်ရေး ရည်ရွယ်ချက်နဲ့ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုကို တရုတ်က ရှုတ်ချလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ ပထမဆုံး တိုက်ခိုက်ရေး ရည်ရွယ်ချက်နဲ့ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုကို တရုတ်က ရှုတ်ချလိုက်ပါတယ်။

မေလ ၆ ရက်နေ့က ဂျပန်၊ ဖိလစ်ပိုင်၊ ဩစတြေးလျတို့နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ ဂျပန်ဟာ Type 88 အမျိုးအစား မြေပြင်ကနေ ရေပြင်ကို ပစ်ခတ်တဲ့ သင်္ဘောဖျက် ဒုံးကျည်ကို တောင်တရုတ် ပင်လယ်ရေပြင်ဆီ ပစ်ခတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ လုပ်ဆောင်တဲ့ အဲဒီ လက်နက် စမ်းသပ်မှုမှာ ဂျပန်ပြည်စောင့်တပ်ရဲ့ ဒုံးကျည်ဟာ အနားပေးထားပြီးဖြစ်တဲ့ ဖိလစ်ပိုင် စစ်သင်္ဘောဟောင်းကြီး တစ်စီးကို တိတိကျကျ ထိမှန်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

Balikatan 2026 စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းအဖြစ် ဂျပန်က အဲဒီလို ဒုံးကျည် စမ်းသပ်ခဲ့တဲ့နောက် ဒေသတွင်း ပြိုင်ဘက် စူပါပါဝါ နိုင်ငံဖြစ်တဲ့ တရုတ်က ဂျပန်မှာ ခေတ်သစ် စစ်ဝါဒီတွေ အားကောင်းလာပြီး ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်လာနေကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Type 88ဟာ သဘောသဘာဝအရ ကာကွယ်ရေး အတွက်ရော၊ တိုက်ခိုက်ရေး အတွက်ပါ အသုံးပြုနိုင်တဲ့ လက်နက် အမျိုးအစားပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံ ပြင်ပမှာ အဲဒီလက်နက်ကို စမ်းသပ်တယ် ဆိုတာက ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ရေး ဒုံးကျည် စမ်းသပ်မှုအဖြစ် သတ်မှတ်နိုင်တယ်လို့ တရုတ်က ပြောပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ စစ်ဆန့်ကျင်ရေး ဝါဒကို ဆွဲကိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ လမ်းစဉ်ကနေ ဂျပန်က သိသိသာသာ ပြောင်းလဲလာနေတယ် ဆိုတာကို အခုဖြစ်ရပ်က ညွှန်ပြနေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက ဝေဖန် ပြောကြားခဲ့ပါတယ်။

ဂျပန်ရဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေဟာ နိုင်ငံမှာ စစ်မက်ဝါဒ ပြန်လည်ထူထောင်ရေးကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်လို့ လင်က ဆိုပါတယ်။ ဂျပန် အစိုးရဟာ ကာကွယ်ရေး အတွက်ပဲ စစ်အင်အား တည်ဆောက်မယ်ဆိုတဲ့ ကိုယ်ပိုင်မူဝါဒကို အကြိမ်ကြိမ် နယ်ကျော်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေ ကန့်သတ်ချက်တွေကိုလည်း ချိုးဖောက်နေကြောင်း လင်က စွပ်စွဲခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်းက ဖက်ဆစ်ဂျပန်ဟာ ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှ ဒေသမှာ ဆိုးရွားတဲ့ ရန်လို ကျူးကျော်မှုတွေ လုပ်ဆောင်ခဲ့တာကို မမေ့သင့်ကြောင်းလည်း သူက ဆိုပါတယ်။

ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို သွားရောက်စစ်ဆေးခဲ့တဲ့ ဂျပန် ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဂီလ်ဘာတို သီယိုဒိုရိုနဲ့အတူ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ သူက ဂျပန်ရဲ့ Abukuma အဆင့် ဖျက်သင်္ဘောတွေနဲ့ TC-90 လေယာဉ်တွေကို ဖိလစ်ပိုင်ဆီ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရေးအတွက် လိုအပ်တဲ့ အစီအမံတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Abukuma အဆင့် ဖျက်သင်္ဘောတွေဟာ ဂျပန်ပြည်စောင့်တပ် ရေတပ်မှာ ဆက်လက် အသုံးမပြုတော့ဘဲ အနားပေးလိုက်တဲ့ ရေယာဉ်တွေ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ် ရေပြင် ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ တရုတ်နဲ့ အငြင်းပွားမှုတွေ ရှိနေတာကြောင့် အဲဒီ စစ်ရေယာဉ်တွေကို လက်လွှဲယူဖို့ အပြင်းအထန် အာသီသ ရှိနေပါတယ်။

ကိုးကား: SCMP

ဆက်စပ်သတင်းများ