Connect with us

Hi, what are you looking for?

ဖွင့်ဆိုရှင်းပြ

ဖွင့်ဆိုရှင်းပြ သတင်းစာပညာလက်စွဲစာအုပ် (The Explainer’s Journalism Handbook)

အခန်း (၇) – ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ရှင်းလင်းအောင် ဘယ်လိုရေးကြမလဲ

အခန်း (၇) – ဖွင့်ဆိုရှင်းပြဆောင်းပါးတွေကို ရှင်းလင်းအောင် ဘယ်လိုရေးကြမလဲ

ဖွင့်ဆိုရှင်းပြဆောင်းပါးအတွက် စိတ်ကူးတွေလည်း ရပြီ၊ ဘယ်လိုပုံစံနဲ့ ရေးမလဲဆိုတာလည်း ဆုံးဖြတ်ပြီးပြီဆိုရင် တကယ့်လက်တွေ့ ရေးသားတဲ့နေရာမှာ အရေးကြီးဆုံးအချက်တချက်ကို အကြံပေးချင်ပါတယ်။ အဲဒါကတော့ “ရှင်းလင်းအောင် ရေးဖို့” ပါပဲ။

ဖွင့်ဆိုရှင်းပြဆောင်းပါး (Explainer) တပုဒ်ဟာ ဘယ်လောက်ပဲ အချက်အလက်စုံစုံ၊ စာဖတ်သူ ဖတ်ရတာ ရှုပ်ထွေးနေရင် အဲဒီဆောင်းပါးဟာ အလကားပါပဲ။ ဒါကြောင့် ရှင်းကနဲ လင်းကနဲ ဖြစ်သွားအောင် ရေးနိုင်ဖို့ လိုအပ်ပါတယ်။ ခက်ခဲတဲ့စကားလုံးတွေကို ရှောင်ပါ။

သတင်းထောက်တွေဟာ နယ်ပယ်တခုမှာ အချိန်အကြာကြီး လုပ်ကိုင်လာရင်းနဲ့ အလုပ်နဲ့ ဆက်စပ်တဲ့ သက်ဆိုင်ရာနယ်ပယ်တွေက ကျွမ်းကျင်သူတွေသုံးတဲ့”ပညာရပ်ဆိုင်ရာစကားလုံး (Jargon)” တွေကို ကိုယ်တိုင်လည်း မသိမသာ သုံးမိသွားတတ်ပါတယ်။

Public Service Announcement

Public Service Announcement

ဥပမာအနေနဲ့ စီးပွားရေးအကြောင်း ရေးရင် “ငွေကြေးဖောင်းပွမှု”၊ “GDP” စတဲ့ စကားလုံးတွေကို သာမန်လူတွေ နားလည်အောင် ရှင်းပြပေးရပါမယ်။ တတ်နိုင်ရင် အဲဒီလို စကားလုံးတွေအစား “ကုန်ဈေးနှုန်းတက်တာ” ဒါမှမဟုတ် “နိုင်ငံရဲ့ စီးပွားရေး အင်အား” စသဖြင့် လူတိုင်းနားလည်တဲ့ စကားလုံးတွေနဲ့ အစားထိုး သုံးတာ ပိုကောင်းပါတယ်။

●စာကြောင်းတွေကို တိုတိုနဲ့ ရှင်းရှင်း ရေးပါ။

စာကြောင်းတကြောင်းထဲမှာ တင်ပြချင်တဲ့ အကြောင်းအရာတွေကို အများကြီး ထည့်မရေးပါနဲ့။ အချက်အလက်တခုကို စာကြောင်းတကြောင်းပဲ သုံးတာ အကောင်းဆုံးပါ။ စာဖတ်သူဟာ စာကြောင်းရှည်ကြီးတွေကို ဖတ်ရတဲ့အခါ အဆုံးရောက်ရင် အစပိုင်းတွေကို မေ့သွားတတ်ပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ စာကြောင်းတိုတိုလေးတွေနဲ့ ခွဲရေးတာဟာ စာဖတ်သူရဲ့ ဦးနှောက်ကို အနားပေးရင်း ဖတ်ခိုင်းသလို ဖြစ်စေပါတယ်။ ဖွင့်ဆိုရှင်းပြဆောင်းပါးဆိုတာ အမှောင်ထဲမှာ မီးထွန်းပြသလိုမျိုးပဲ ဖြစ်ရပါမယ်။ အရေးအသား ရှုပ်ထွေးမှုကြောင့် စာဖတ်သူကို ပိုပြီး မျက်စိလည်သွားအောင် မလုပ်မိပါစေနဲ့။

●နှိုင်းယှဉ်ချက် (Analogies) တွေကို သုံးပါ။

ရှုပ်ထွေးတဲ့ ကိစ္စတွေကို လူတွေ သိပြီးသား အရာတွေနဲ့ နှိုင်းယှဉ်ပြလိုက်တာဟာ အကောင်းဆုံး ရှင်းပြနည်းပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အစိုးရရဲ့ ဘတ်ဂျက်အကြောင်း ရှင်းပြချင်တဲ့အခါ ” အိမ်ထောင်စုတစုရဲ့ ဝင်ငွေထွက်ငွေ” နဲ့ နှိုင်းယှဉ်ပြတာမျိုးပါ။

မိသားစုတစုဟာ ဝင်တဲ့ငွေထက် ပိုသုံးရင် အကြွေးတင်သလိုပဲ၊ အစိုးရကလည်း အခွန်ရငွေထက် ပိုသုံးရင် နိုင်ငံမှာ အကြွေးတင်လာတာတယ် ဆိုတာမျိုး နှိုင်းယှဉ်ပြလိုက်ရင် စာဖတ်သူက ချက်ချင်း သဘောပေါက် သွားပါလိမ့်မယ်။

●စာပိုဒ်တွေကို ခွဲရေးပါ။

စာမျက်နှာအပြည့် စာသားတွေချည်းပဲ မြင်နေရရင် စာဖတ်သူက ဆက်ဖတ်ဖို့ တွန့်ဆုတ်သွား တတ်ပါတယ်။ အကြောင်းအရာ တခုပြီးတိုင်း စာပိုဒ်အသစ် ခွဲပေးပါ။ လိုအပ်ရင် ခေါင်းစဥ်ခွဲလေးတွေ (Sub-Headings) တပ်ပေးပါ။ ဒါမှ စာဖတ်သူက သူသိချင်တဲ့ အပိုင်းကို အလွယ်တကူ ရှာဖတ်လို့ရမှာပါ။

●လူတယောက်ကို ဘေးနားကနေလာပြီး ရှင်းပြနေသလိုမျိုး ရေးပါ။

သင့်အနေနဲ့ သူငယ်ချင်းတယောက် ဒါမှမဟုတ် ဦးလေး/အဒေါ် တယောက်ယောက်ကို အကြောင်းအရာတခု အကြောင်း ဘေးနားကနေ ပြောပြနေတယ်လို့ စိတ်ကူးကြည့်ပါ။ အဲဒီလို လေသံမျိုးနဲ့ ရေးတာဟာ စာဖတ်သူအတွက် အရင်းနှီးဆုံးနဲ့ နားအလည်လွယ်ဆုံး ဖြစ်စေပါတယ်။

အထက်က အကြံပေးချက်တွေကို သတိထားပြီး ရေးသားမယ်ဆိုရင် ဖွင့်ဆိုရှင်းပြဆောင်းပါးဟာ ဘယ်လောက်ပဲ ခက်ခဲတဲ့ အကြောင်းအရာဖြစ်ပါစေ၊ စာဖတ်သူတွေအတွက် ရှင်းလင်းသွားစေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ။

(မှတ်ချက်-သတင်းစာပညာကို စိတ်ဝင်တစား​လေ့လာလိုသူ​တွေအတွက် ရည်ရွယ်ပြီး လူထု​​နွေဦး-People’s Spring သတင်းဌာနက” ဖွင့်ဆိုရှင်းပြ သတင်းစာပညာ-Explainer’s Journalism ကို အပါတ်စဥ်​ စ​​နေ​နေ့တိုင်းဖော်ပြ​ပေး​နေတာဖြစ်ပါတယ်။ ။အယ်ဒီတာ)

ဆက်စပ်သတင်းများ

ဖွင့်ဆိုရှင်းပြ

အခန်း (၁၀) - ဖွင့်ဆိုရှင်းပြဆောင်းပါးနမူနာများ

ဖွင့်ဆိုရှင်းပြ

အခန်း (၉ ) - တည်းဖြတ်ခြင်း

ဖွင့်ဆိုရှင်းပြ

အခန်း (၈) − ဖွင့်ဆိုရှင်းပြဆောင်းပါးကောင်းတပုဒ်အတွက် အကြံပေးချက်များ