စွမ်းအင် ခြွေတာရေးမှာ ကူညီတဲ့ အနေနဲ့ ပြည်သူတွေအားလုံး အတတ်နိုင်ဆုံး အိမ်ကနေပဲ အလုပ်လုပ်ကြဖို့၊ နိုင်ငံခြား မသွားကြဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ ကပ်ရောဂါ ကာလတုန်းက ကျင့်သုံးခဲ့ဖူးတဲ့ အလုပ်မသွားဘဲ အိမ်ကနေပဲ အလုပ်လုပ်တဲ့ စနစ်မျိုးကို ပြန်ကျင့်သုံးဖို့၊ ရွှေဝယ်စုတာတွေ လျှော့ချဖို့နဲ့ မသွားမဖြစ် ကိစ္စမျိုးကလွဲရင် နိုင်ငံခြားကို ခရီးမထွက်ကြဖို့ မိုဒီက မေလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့တာပါ။
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်း ဒေသက ရေနံတွေ နိုင်ငံတကာကို တင်ပို့ရောင်းချမှု ကွန်ရက်တွေ ဆက်ပြီး ပြတ်တောက်နေတာကြောင့် မိုဒီက လူထုကို အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
သူအကြံပြုတဲ့ အချက်တွေကို လူထုက ကူညီလိုက်နာပေးမယ်ဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ လောင်စာဆီ သုံးစွဲမှုကို လျှော့ချနိုင်ပြီး နိုင်ငံခြားငွေ ကုန်ကျမှုတွေကိုလည်း သက်သာရာ ရစေမယ်လို့ မိုဒီက ပြောပါတယ်။

Public Service Announcement
အိန္ဒိယဟာ နိုင်ငံရဲ့ ရေနံလိုအပ်ချက် စုစုပေါင်း ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်း ဝယ်ယူနေရပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ရေနံစျေးတွေ ထိုးတက်လာခြင်းနဲ့အတူ အိန္ဒိယဟာ လောင်စာကဏ္ဍအတွက် ဒေါ်လာ ဘီလီယံတွေနဲ့ချီ တိုးမြှင့် သုံးစွဲလာနေရပါတယ်။
ဟိုင်ဒါရာဘတ်မြို့က လူထုတွေ့ဆုံပွဲ တစ်ခုမှာ ဝန်ကြီးချုပ်က အခုလို တောင်းဆိုလိုက်တာဟာ အီရန်စစ်ပွဲ ကာလတလျှောက် စွမ်းအင် အကျပ်အတည်းနဲ့ ပတ်သက်လို့ အစိုးရက အကျပ်ရိုက်နေတာတွေကို အမြင်သာဆုံး လှစ်ဟပြမှု ဖြစ်လာကြောင်း လေ့လာသူတွေက ပြောပါတယ်။
ကိုယ့်နယ်မြေကို တစ်လက်မတောင် အထိပါး မခံဘူးဆိုတဲ့ ခံယူချက်မျိုးနဲ့ ရှင်သန်နေတာ တစ်ခုတည်းကို မျိုးချစ်စိတ်လို့ မခေါ်နိုင်ကြောင်း၊ မျက်မှောက် ကာလမှာတော့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝအတွက် လိုအပ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လိုက်လျောညီထွေအောင် ဖြည့်ဆည်း လိုက်နာပေးတာဟာလည်း မျိုးချစ်စိတ်ကို ပြသမှု ဖြစ်ကြောင်း မိုဒီက ဆိုပါတယ်။
လက်ရှိ အခြေအနေတွေမှာတော့ အိန္ဒိယဟာ နိုင်ငံခြားငွေ ခြွေတာမှုကို အလေးထား စဉ်းစားဖို့ မဖြစ်မနေ လိုအပ်လာနေပြီလို့လည်း ဝန်ကြီးချုပ်က ထပ်လောင်း အသိပေးသွားပါတယ်။
အိန္ဒိယ အတိုက်အခံ နိုင်ငံရေး ပါတီတွေကတော့ မိုဒီရဲ့ စကားတွေကို ဝေဖန်ခဲ့ပြီး ဒီပြဿနာမှာ မိုဒီ ဦးဆောင်တဲ့ ဖက်ဒရယ် အစိုးရရဲ့ ပြင်ဆင်မှု အားနည်းညံ့ဖျင်းတာတွေက အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အမျိုးသား ကွန်ဂရက်ပါတီ အကြီးအကဲ ရာဟူလ်ဂန္ဒီက မိုဒီရဲ့ အစိုးရဟာ ကိုယ့်တာဝန်ကို ပြည်သူတွေအပေါ် လွှဲချပြီး ပြဿနာကို ခေါင်းရှောင်ဖို့ လုပ်နေတာလို့ ပြောပါတယ်။ မိုဒီရဲ့ စကားတွေက လူထုကို အသိပညာပေးသလို ပုံဖော်ထားပေမယ့် တကယ်တမ်းတော့ ကျရှုံးမှုရဲ့ အထောက်အထားတွေသာ ဖြစ်တယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။
စစ်ပွဲကို အကြောင်းပြုပြီး အီရန်က နိုင်ငံတောင်ပိုင်းမှာရှိတဲ့ နိုင်ငံတကာ ရေနံနဲ့ ဓာတ်ငွေ့ ကုန်သွယ်ရေး အဓိက ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချထားခြင်းက နိုင်ငံတကာ ရေနံနဲ့ လောင်စာ အကျပ်အတည်း တစ်ခုကို ပေါ်ပေါက်လာစေခဲ့တာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA)ကတော့ လက်ရှိ ပြဿနာဟာ လူ့သမိုင်းမှာ အကြီးမားဆုံး စွမ်းအင်ကွန်ရက် နှောင့်ယှက်ခံရမှု တစ်ခုလို့ မှတ်ချက်ပေးထားပါတယ်။
ကိုးကား: BBC


















































