မေ-၁၉၊၂၀၂၆။တေဇ/People’s Spring
တနင်္သာရီတိုင်း၊ မြိတ်မြို့က လူ ၃ဦးသေဆုံးတဲ့ စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်မှုမှာ ဆီသိုလှောင်ကန်တွေကို မြေပြင်ပေါ်မှာ ထားရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ဆောင်မှုအပေါ် ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။
“ဆီသိုလှောင်ကန်တွေကို မြေအောက်မှာသာ သိုလှောင်ကန်ထားရမယ်လို့ စက်သုံးဆီဆိုင်စည်းမျဉ်းထဲမှာပါပြီးသားပါ။ ခုက မြေပေါ်မှာဖြစ်နေပါတယ်။ ထွေအုပ်၊ စွမ်းအင်နှင့်မြိတ်မီးသတ်ဌာနက မစစ်ဆေးဘူးလားလို့ မေးစရာရှိနေပါတယ်။”လို့ မြိတ်သတင်းဓာတ်ပုံပေ့ခ်ျမှာ ရေးသားထားပါတယ်။
အဲဒီမီးလောင်မှုဟာ မေလ ၁၇ ရက်နံနက်က ဖြစ်ခဲ့တာဖြစ်ပြီး ဆီသိုလှောင်ကန်ကို ဆီဖြည့်ဖို့ပြင်ဆင်နေချိန် မီးလောင်မှုဖြစ်ခဲ့တာပါ။

Public Service Announcement
CCTVမှတ်တမ်းမှာတော့ ပေါက်ကွဲမှု ဖြစ်ပြီး ဆီလာဝယ်သူတစ်ဦးနဲ့ ဝန်ထမ်းတစ်ဦး မီးလောင်သေဆုံးသွားတာ တွေ့မြင်ရပါတယ်။
အဲဒီမီးလောင်မှုမှာ သေဆုံးသူ ၃ဦးရှိပြီး မီးလောင်ဒဏ်ရာရရှိသူ ၁ဦးကိုလည်း ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။
“တည်ငြိမ်လျှပ်စစ်လို့ခေါ်တယ်၊ဆီဘောက်ဆာကြီးအပေါ်မှာတင်ထားပြီးဆီအသွင်းထုတ်လုပ်ရင် ပိုက်ထဲက လေကနေတည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ပြီးမီးထလောင်တာ၊ဆီဘောက်ဆာကားကနေမြေအောက်ကန်ကိုဆီသွင်းတောင်မှ မြေအောက်ကန်ကနေ ဆီဘောက်ဆာကိုfeedbackပိုက်အသေးနဲ့ပြန်ပေးထားရတယ် အဲလိုမှမဟုတ်ရင်မီးထလောင်တတ်ပါ၏” လို့ ဒေသခံတစ်ဦးက မီးလောင်မှုနဲ့ပတ်သက်ပြီး ရေးသားထားပါတယ်။
မြိတ်ခရိုင်မီးသတ်ကတော့ အဲဒီမီးလောင်မှုကို မီးသတ် တပ်ဖွဲ့ဝင် ၁၀၀ကျော်နဲ့ မီးငြှိမ်းသတ်ယာဉ် ၂၇ စီး ၊ ရေသယ်ယာဉ် ၇ စီးနဲ့ တစ်နာရီခွဲကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


















































