Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငလျင်ကပ်ဘေးကြီးအတွင်းက မြေးအဖွားမေတ္တာ

ဖိလစ်ပိုင် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း မြေးဖြစ်သူကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ လူပြောများနေပါတယ်။

Screenshot

ဇွန် – ၉ ၊၂၀၂၆

ဖိလစ်ပိုင် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း မြေးဖြစ်သူကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ လူပြောများနေပါတယ်။

ဇွန်လ ၈ ရက် မနက်ပိုင်းက ဖိလစ်ပိုင်တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ မဂ္ဂနီကျု ၇.၈ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး မင်ဒါနာအို ကျွန်းပေါ်မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို လူ ၃၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ချိန်အတွင်း လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီး အဲဒီထဲက တစ်ခုမှာတော့ အဖွားဖြစ်သူက အရေးကြုံလာချိန်မှာ မြေးငယ်လေးကို ကာကွယ်ဖို့ ကတိုက်ကရိုက် ကြိုးစားခဲ့ပုံကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

လူမှုကွန်ရက် သုံးစွဲသူတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေတဲ့ ဗီဒီယိုထဲမှာတော့ အဖွားဟာ ငလျင်စလှုပ်ချိန်မှာပဲ အိမ်ထဲ အပြေးဝင်လာပြီး ဆိုဖာပေါ်မှာ ထိုင်နေတဲ့ မြေးငယ်ကို ပွေ့ချီခဲ့ပါတယ်။ သူတို့နှစ်ဦး အပြင်ပြေးထွက်ဖို့ တံခါးဝနား ရောက်လာတဲ့ အချိန်မှာပဲ ငလျင်က အရမ်းကြမ်းလာပြီး မတ်တပ်ရပ်မနေနိုင်လောက်အောင် လှုပ်ခါလာပါတယ်။

မြေးဖြစ်သူကို ချီထားတဲ့ အဖွားဟာ ဆက်ပြီး ထွက်ပြေးလို့လည်းမရ၊ မတ်တပ်လည်း မရပ်နိုင်တော့တဲ့နောက် အပေါက်ဝနားမှာ ထိုင်လျက် ကျသွားခဲ့ပြီး တံခါးရဲ့ ခန်းစည်းအစကို လက်နဲ့ဆွဲထားရတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

အိမ်တစ်ခုလုံး သိမ့်သိမ့်တုန်အောင် လှုပ်ရမ်းနေချိန်မှာ အဖွားဖြစ်သူက နံရံမှာ ကပ်ထားရင်း မြေးဖြစ်သူကို တင်းတင်းဖက်ထားခဲ့ပါတယ်။

နောက်တော့မှ အခြေအနေတွေ ပြန်ငြိမ်သက်သွားချိန်မှာ မြေးအဖွား နှစ်ယောက်ဟာ အပြင်ဖက်ကို လှမ်းစူးစမ်းနေတာကို တွေ့ခဲ့ရပါတယ်။

အဲဒီဗီဒီယိုကို လူမှုကွန်ရက် သုံးစွဲသူ အများအပြားက ဖြန့်ဝေခဲ့ပြီး အဖွားဖြစ်သူရဲ့ သတ္တိအပေါ် ချီးကျူးတာတွေ ရှိသလို အရေးပေါ် တုံ့ပြန်တဲ့ လုပ်ထုံးလုပ်နည်း မှားယွင်းကြောင်း ဝေဖန်သူတွေလည်း ရှိနေပါတယ်။

ဝေဖန်သူတွေကတော့ အကာအကွယ် ဖြစ်နိုင်မယ့် နေရာတွေမှာ ခိုလှုံမနေတာ၊ ငလျင်ရပ်သွားချိန်မှာ အိမ်အပြင် ချက်ချင်းမထွက်တာ၊ ကလေးငယ်ကို အဖွားရဲ့ ခန္ဓာကိုယ်နဲ့ မိုးကာမထားတာတွေကို ထောက်ပြကြပြီး တစ်ဖက်မှာလည်း အဲဒီလောက် ကြောက်စရာ အခြေအနေတစ်ခုမှာ သွေးရူးသွေးတမ်း တုံ့ပြန်မှုတွေ အမှားအယွင်း ရှိနိုင်ကြောင်း အမျိုးသမီးကြီးဖက်ကနေ ကာကွယ် မှတ်ချက်ပေးသူတွေ ရှိခဲ့ပါတယ်။

နောက်ပြီး ငလျင်အရမ်းကြမ်းနေချိန်မှာ စားပွဲအောက်လို အကာအကွယ် နေရာတွေဆီ သွားဖို့ မဖြစ်နိုင်ကြောင်း၊ သူတို့မြေးအဖွားဟာ မတ်တပ်တောင် ရပ်လို့မရတဲ့ အခြေအနေမျိုး ကြုံနေခဲ့ကြောင်း လူမှုကွန်ရက် သုံးစွဲသူ တချို့က တုံ့ပြန်ခဲ့ပါတယ်။

https://www.facebook.com/reel/1326939828868287

ရုပ်သံ – Jenny Rose Lantin Simeon/FB

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။