-စစ်ကောင်စီတပ်ထပ်မံစစ်ကြောင်းထိုးလာ၍ မြင်သားကျေးရွာအုပ်စုမှ လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် လုံခြုံရာတွင်သာနေထိုင်ကြရန်နှင့် ဂန့်ဂေါ-ကလေး လမ်းပိုင်းကို အသုံးမပြုကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ဂန့်ဂေါမြို့နယ်က ယနေ့(ဒီဇင်ဘာ ၁၉ရက်)တွင် သတိပေး ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၇ရက်က ရဟတ်ယာဉ်သုံးစီးဖြင့် နှမ်းခါးကျေးရွာကို အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ထိုတိုက်ခိုက်ခံရမှုတွင် လုံခြုံရေးကျိုးပေါက်မှုများရှိခဲ့ပြီး ရပ်ရွာလူထုမှာလည်း စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးသတ်ဖြတ်မှုများခံနေရကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံ မိုဘိုင်းဖုန်းများမှ ဆက်သွယ်ကြပါက အဆိုပါဆက်သွယ်သည့်ဖုန်းသည် လုံခြုံရာတွင်ရှိ၊မရှိ နှင့် လုံခြုံရေးကျိုးပေါက်မှုရှိ၊ မရှိ စုံစမ်းအတည်ပြုပြီးမှသာ ဆက်သွယ်ဆောင်ရွက်ကြရန်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ဂန့်ဂေါမြို့နယ်က အထူးသတိပေးသည်။

Public Service Announcement
ထို့အပြင် ဂန့်ဂေါမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်များ ထပ်မံစစ်ကြောင်းထိုးလာ၍ ယနေ့ နံနက်တွင် မြင်သားရွာနှင့်အနီးတ၀ိုက်ရှိ ကျေးရွာများမှဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း မြင်သားရွာခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၁၇ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံအချို့သေဆုံးခဲ့ပြီး ယနေ့တွင်လည်း နှမ်းခါးရွာအား မီးရှို့ခြင်း၊ မြင်သားရွာအနီးရှိ သာလင်းရွာသို့ စစ်ကြောင်းထိုးလာခြင်း တို့ကြောင့် မြင်သား ကျေးရွာအုပ်စုရှိ ရွာများမှာ ယနေ့တွင် ထွက်ပြေးတိမ်းရှောင် ကြခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။
“စစ်သားတွေ စခန်းဘက်က ရဲတွေနဲ့ ပူးပေါင်းပြီး အရင်တစ်ခေါက်က မီးရှို့တဲ့ရွာ မြစ်တစ်ဖက်ကမ်းက သာလင်းရွာ စာသင်ကျောင်းမှာ သူတို့က ရောက်နေတယ်။ အဲဒါ ဒီဘက်ကိုလာမှာ စိုးလို့ တစ်ရွာလုံး ပြေးနေကြတာပေါ့”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာက နှမ်းခါး၊ သာလင်းနှင့် မြင်သားရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး နေအိမ်များ မီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ရာ မြင်သားရွာတွင် စစ်ကောင်စီတပ်က တိုက်ခိုက်၍ ကျေးရွာကာကွယ်ရေးအဖွဲ့မှလူငယ်များနှင့် ကျေးရွာရှိ သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၁၇ဦး သေဆုံးခဲ့ပြီးနေအိမ် ၂၀ကျော် မီးလောင်ခဲ့သည်။
ယနေ့တွင်လည်း စစ်ကောင်စီတပ်ဝင်လာ၍ မြင်သား၊ အလယ်ရွာ၊ ရွာမရွာ၊ မြင်သားမြောက်ကုန်းရွာမှ ဒေသခံ များလည်း တိမ်းရှောင်နေကြရကြောင်း မြင်သားရွာခံက ပြောသည်။
“လူဦးရေက တစ်သောင်းဝန်းကျင်လောက်ရှိမယ် လေးရွာပေါင်းဆိုရင်။ ပြေးတာက တောဘက်ကို ပြေးရတာ”ဟု မြင်သားရွာခံက ပြောသည်။
ဒီဇင်ဘာ ၁၇ရက်က နှမ်းခါးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့်ပြည်သူ ၁၀ဦး ထက်မနည်းသေဆုံးထားကြောင်း သိရသည်။
ထို့အပြင် နှမ်းခါးရွာနေပြည်သူ ၁၂ ဦးကို ဖမ်းဆီးထားပြီး လူသားဒိုင်းသဖွယ် အသုံးပြုနေကြောင်းလည်း ဒေသခံများက ဆိုသည်။
ယနေ့(ဒီဇင်ဘာ ၁၉ ရက်) နံနက်ပိုင်းကလည်း နှမ်းခါးကျေးရွာရှိ လူနေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့သည်။
(ဂန့်ဂေါမြို့နယ်အတွင်းရှိ စစ်ရှောင်တဲတစ်ခုကို စက်တင်ဘာက တွေ့ရစဥ်)


















































