ဇွန် – ၂၆ ၊၂၀၂၆
မက္ကဆီကို နိုင်ငံမှာ အောင်ပွဲခံနေတဲ့ ဘောလုံးပရိသတ်အုပ်ထဲကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားတဲ့ ကာဘိုဆန်လူးကက်စ်မြို့ရဲ့ မြို့တော်ခန်းမနားမှာ ကားတစ်စီးက လူအုပ်ထဲ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
လူမှုကွန်ရက် မီဒီယာပေါ် ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေမှာတော့ အနက်ရောင် ဆီဒင်ကား မောင်းသူဟာ မက္ကဆီကို ဘောလုံးပရိသတ်တွေနဲ့ အကြောင်းတစ်ခုခုကြောင့် စကားအခြေအတင် ဖြစ်ခဲ့ပုံရပြီး အဲဒီနောက် ရုတ်တရက် မောင်းထွက်သွားပြီး လူတွေကို ကားနဲ့ ဝင်တိုးခဲ့တာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
နောက်တော့ လမ်းဘေး အတားအဆီး တစ်ခုကို ဝင်တိုက်ပြီးမှ ကားက ရပ်တန့်သွားခဲ့ပါတယ်။
နောက်ထပ် ဗီဒီယိုတွေထဲမှာတော့ ကားထဲက လူတစ်ယောက်ကို အစိမ်းရောင်ဂျာစီတွေဝတ်ထားတဲ့ မက္ကဆီကို ဘောလုံးပရိသတ်တွေက ဆွဲထုတ်ပြီး ရန်ပြုဖို့ ကြိုးစားနေတာ၊ လမ်းပေါ်မှာ ဒဏ်ရာ အခြေအနေ အတိအကျ မသိရတဲ့ လူတချို့ လဲနေတာတွေကို မြင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရဲတွေက ယာဉ်မောင်းကို ဖမ်းဆီးခဲ့ပါတယ်။
ယာယီ မြို့တော်ဝန် ဟိုဆေး မန်နျူရယ်လ် လာရွမ်ဘီက အခုဖြစ်ရပ်မှာ ထိခိုက်ခဲ့သူ တစ်ဦးချင်းစီအတွက် စိတ်မကောင်းကြောင်း ပြောကြားခဲ့ပြီး အာဏာပိုင်တွေရဲ့ အသေးစိတ် စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ကားသမားက လူအုပ်ထဲ ဘာကြောင့် ဝင်တိုက်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် မက္ကဆီကို အသင်းဟာ ဥရောပတိုက်ရဲ့ ချက်အသင်းကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နိုင်ငံအနှံ့မှာ ပရိသတ်တွေ အောင်ပွဲ ခံနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲ ရလဒ်ကြောင့် မက္ကဆီကိုဟာ အုပ်စုပွဲစဉ် အားလုံး အနိုင်ရခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ကိုးကား – CNA


















































