Connect with us

Hi, what are you looking for?

ဆောင်းပါး

ရှင်သန်ခွင့်နှင့် ရိုဟင်ဂျာတို့၏ အငတ်ဘေးအကြောင်း ဥပဒေရေးရာ သုံးသပ်ချက်

ဂမ်ဘီယာကမြန်မာကို တရားစွဲဆိုထားသည့်အမှုမကြာမီICJစီရင်ဆုံးဖြတ်တော့မည်ဟုဆို

(စစ်တပ်ရဲ့ ၂၀၁၇ သြဂုတ်မှ စတင်တဲ့ နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ် နဲ့ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ​တွေကို သတ်ဖြတ်၊မုဒိမ်းကျင့် ၊အိမ်​တွေကိုမီးရှို့ ပြီးအကြမ်းဖက်ခဲ့တာ​ကြောင့် ဘဂ်လား​ဒေရှ်နိုင်ငံဘက်သို့ ထွက်​ပြေးခဲ့ကြရသူများ ။ဓါတ်ပုံ-Getty )

-ခါကာဘို ရေးသားသည်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို ပြောလိုက်ရင် သွေးထွက်သံယို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုပဲ အရင်ဆုံး မြင်ယောင်မိကြပါတယ်။ဒါပေမယ့်လူတစ်စုရဲ့ အစာရေစာ၊ လယ်ယာမြေ၊ အသက်မွေးဝမ်းကျောင်း အခြေခံတွေကို နိုင်ငံအာဏာပိုင်အဖွဲ့အစည်း ကိုယ်တိုင်က နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးသွားတာကလည်း လူမျိုးတုံးသတ်ဖြတ်မှုရဲ့ ပုံစံတစ်မျိုး ဖြစ်နိုင်တယ်လို့ ဥပဒေရေးရာ ရှုထောင့်ကနေ လေးလေးနက်နက် သုံးသပ်ထားတဲ့ “Rohingya Starvation Is Myanmar’s Genocidal State Policy” အမည်ရ ဆောင်းပါးက စိတ်ဝင်စားဖွယ် အထောက်အထားများဖြင့် ဆွေးနွေးတင်ပြထားပါတယ်။

ဒီဆောင်းပါးကို Yousuf Syed Khan က ရေးသားထားတာဖြစ်ပြီး၊ သူဟာ ဂျီနီဗာ အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ Investigations Manager အဖြစ် နိုင်ငံတကာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ဦးဆောင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ The Hague မှာ လည်း Associate Fellow အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

စာရေးသူရဲ့အဆိုအရမကြာမီအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က “ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုထားသည့်အမှု”အမှုကို စီရင်ဆုံးဖြတ်တော့မှာ ဖြစ်ပြီး၊ အဲဒီဆုံးဖြတ်ချက်မှာ၂၀၁၇ ခုနှစ်ကလူသတ်ပွဲတွေ၊လိင်အကြမ်းဖက်မှုတွေ၊ ကျေးရွာမီးရှို့မှုတွေတင်မကဘဲ ရိုဟင်ဂျာတွေကို နှစ်ပေါင်းများစွာ အစာရေစာမရအောင် စနစ်တကျ ဖိနှိပ်ခဲ့တဲ့ မူဝါဒကိုပါ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ သက်သေအဖြစ် ထည့်သွင်း သုံးသပ်သင့်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

သူက ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့ အငတ်ဘေးဟာ သဘာဝဘေးကြောင့် မဟုတ်ဘဲ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ ဖန်တီးထားတဲ့ အငတ်ဘေးဖြစ်တယ်လို့ ထောက်ပြပါတယ်။

အဲဒီမူဝါဒတွေထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုခဲ့တာ၊လယ်ယာမြေပိုင်ဆိုင်ခွင့် ဆုံးရှုံးစေခဲ့တာ၊သွားလာခွင့်ကို ကန့်သတ်ထားတာ၊ စစ်ဆေးရေးဂိတ်များစွာ ချထားတာ၊ ညမထွက်ရအမိန့်တွေကြောင့် ငါးဖမ်းချိန်နဲ့ လယ်လုပ်ချိန်တွေ ပျက်စီးသွားတာ၊ စိုက်ပျိုးရေးကိရိယာတွေ သိမ်းဆည်းခဲ့တာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို တားဆီးခဲ့တာနဲ့ ဒုက္ခသည်စခန်းတွေမှာ အကူအညီအပေါ်သာ မှီခိုနေရအောင် လုပ်ဆောင်ခဲ့တာတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလုပ်ဆောင်ချက်တွေဟာ သီးခြားဖြစ်ပေါ်လာတာ မဟုတ်ဘဲ စစ်တပ်ရဲ့ “ဖြတ်လေးဖြတ်” မဟာဗျူဟာအောက်မှာ ဆယ်စုနှစ်များစွာ စနစ်တကျ အကောင်အထည်ဖော်လာတဲ့ မူဝါဒတစ်ခုဖြစ်တယ်လို့လည်း ဆောင်းပါးက ဆိုပါတယ်။

စစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး” စစ်ဆင်ရေးအတွင်း ရွာပေါင်း ၃၉၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး၊ နေအိမ်ပေါင်း သောင်းချီ မီးရှို့ခံခဲ့ရသလို တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်ခြင်း၊ သိမ်းယူခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

လူပေါင်း ၇၄၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပြီး၊ ရောက်ရှိလာတဲ့ ကလေးငယ် အများအပြားမှာ အာဟာရချို့တဲ့မှု ပြင်းထန်နေကြောင်းလည်း ဖော်ပြထားပါတယ်။

သူ အထူးအလေးပေးတဲ့ အချက်တစ်ခုကတော့ ရိုဟင်ဂျာတွေ ထွက်ပြေးပြီးနောက် သူတို့ရဲ့ လယ်ယာမြေတွေက သီးနှံတွေကို အစိုးရက ရိတ်သိမ်းရောင်းချခဲ့ပြီး၊ ရရှိတဲ့ဝင်ငွေကို နိုင်ငံတော်ဘတ်ဂျက်ထဲ ထည့်သွင်းခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ထို့အပြင် အဲဒီမြေတွေကို အခြားလူမျိုးတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေကို ငှားရမ်းပေးခဲ့သလို “စံပြကျေးရွာ” တွေလည်း တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ စာရေးသူအမြင်အရ ဒီလိုလုပ်ဆောင်မှုတွေဟာ စစ်ရေးလုံခြုံရေးထက် ရိုဟင်ဂျာတွေရဲ့ အသက်ရှင်ရပ်တည်နိုင်တဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ကို ပိုမိုထင်ရှားစေတယ်လို့ သုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာကျန်ရှိနေတဲ့ရိုဟင်ဂျာ သိန်းနဲ့ချီဟာ ယနေ့အထိ အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး၊ ၂၀၂၄ နှောင်းပိုင်းကစပြီး အခြေအနေဟာ ပိုမိုဆိုးရွားလာတယ်လို့ ဆောင်းပါးက ဖော်ပြပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်မှာ လူနှစ်သန်းကျော် အငတ်ဘေးအန္တရာယ် ရင်ဆိုင်နိုင်တယ်လို့ သတိပေးထားကြောင်း ရေးသားထားပါတယ်။

သူ့ရဲ့ အဓိကသုံးသပ်ချက်ကတော့ ICJ အနေနဲ့ ၂၀၁၇ ခုနှစ်က လူသတ်မှုတွေနဲ့ လိင်အကြမ်းဖက်မှုတွေကိုသာ အာရုံစိုက်မယ်ဆိုရင် မလုံလောက်ဘူးဆိုတာပါပဲ။ လူတစ်စုရဲ့ အစာရေစာထုတ်လုပ်နိုင်စွမ်း၊ လယ်ယာမြေ၊ အသက်မွေးဝမ်းကျောင်းအခြေခံတွေကို ဥပဒေ၊ မူဝါဒ၊ အုပ်ချုပ်ရေးစနစ်တွေက တစ်ဆင့် နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခဲ့တာကိုပါ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ အရေးကြီးတဲ့ သက်သေအဖြစ် စဉ်းစားသင့်တယ်လို့ ဆိုထားပါတယ်။

ဒီဆောင်းပါးက ထောက်ပြ‌နေတဲ့ အဓိကအချက်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ သေနတ်နဲ့ပဲ ကျူးလွန်တာ မဟုတ်ဘဲ အစာရေစာကို လက်နက်တစ်ခုလို အသုံးချပြီး လူတစ်စုရဲ့ အသက်ရှင်နိုင်တဲ့ အခြေအနေကို တဖြည်းဖြည်း ဖျက်ဆီးခြင်းကလည်း အလွန်အန္တရာယ်ကြီးတဲ့ လူမျိုးတုံး သတ်ဖြတ်နည်း တစ်ခု ဖြစ်နိုင်တယ်ဆိုတာပါ။

ICJ ရဲ့ လာမယ့်ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံအာဏာပိုင်အဖွဲ့အစည်းက ဖန်တီးတဲ့ အငတ်ဘေးတွေကို အပြည်ပြည်ဆိုင်ရာဥပဒေက ဘယ်လိုရှုမြင်မလဲဆိုတဲ့ အရေးကြီးတဲ့စံနှုန်းတစ်ခုဖြစ်လာနိုင်ကြောင်း စာရေးသူက နိဂုံးချုပ်ထားပါတယ်။ ။

ကိုးကား Genocide Watch

ဆက်စပ်သတင်းများ

သတင်း

ဂွမြို့နယ်မှာ ၂ပတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ၂ဦး သေဆုံး၊ ၂၀ ဒဏ်ရာရ

သတင်း

ရခိုင်ပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်အပါအ၀င် စားဝတ်နေရေး ကြပ်တည်းမှုဒဏ်ကြောင့် ကျောင်းမတက်ရတဲ့ ကလေးငယ်တွေ များလာနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

သတင်း

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း နဲ့ရခိုင်ပြည်နယ်အစပ်နယ်မြေတွေကို စစ်တပ်က ရိက္ခာဖြတ်တောက်နေပြီး ကုန်သည်တွေကိုလည်း စားသောက်ကုန်တွေ လှောင်မထားဖို့ ဖိအားပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ထပ်တိုး လာနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တွေဟာ အမိုးအကာတွေအလုံအလောက်မရသေးသလို မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲနဲ့လည်း ကြုံလာရနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။