ငြိမ်းချမ်းရေး ကတိကဝတ်တွေကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲရင်း အီရန်နဲ့ အမေရိကန်တို့ကြားက တိုက်ခိုက်မှုတွေဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ဆက်လက် ဖြစ်ပွားနေပါတယ်။
၄ လလောက် ကြာမြင့်ခဲ့တဲ့ စစ်ပွဲကို ရပ်တန့်စေဖို့ ကနဦး စစ်ပြေငြိမ်းရေး သဘောတူ စာချုပ်ကို နှစ်နိုင်ငံကြား လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ လက်မှတ် ရေးထိုးခဲ့ပေမယ့် အခုသီတင်းပတ်ကုန်မှာတော့ စစ်ရေး ပဋိပက္ခတချို့ ပြန်လည် စတင်လာတာ ဖြစ်ပါတယ်။
ဟောမုဇ် ရေလက်ကြားမှာ ခုတ်မောင်းနေတဲ့ ကုန်တင်သင်္ဘောတစ်စီး အီရန်ဒရုန်း ထိမှန်ခဲ့တဲ့နောက် အမေရိကန်က ကမ်းရိုးတန်း အခြေစိုက် အီရန် ရေဒါစခန်းတွေနဲ့ လက်နက်ရုံတွေကို လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။
ဇွန်လ ၂၇ ရက်နေ့မှာတော့ ပနားမားအလံ လွှင့်ထူထားတဲ့ Kikuဆိုတဲ့ ရေနံတင် သင်္ဘောတစ်စီးလည်း ပင်လယ်ကွေ့ဒေသ ရေပြင်မှာ အီရန်ဒရုန်းတစ်စီး တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ အဲဒီ အခြေအနေက ဒေသတွင်း ရေကြောင်းသွားလာမှု လုံခြုံရေးအတွက် ကြီးမားတဲ့ တပ်လှန့်မှုလည်း ဖြစ်လာစေပါတယ်။ အဲဒီနောက် အီရန်ဟာ စစ်ရပ်စဲရေး သဘောတူညီမှုတွေကို ပျက်ကွက်တယ်လို့ စွပ်စွဲပြီး အမေရိကန်ရဲ့ ဗဟိုစစ်ဌာနချုပ် (CENTCOM)ဟာ အီရန်နိုင်ငံ ပိုင်နက်ထဲမှာ နှစ်ညဆက်တိုက်အဖြစ် အပြင်းအထန် ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement
ဇွန်လ ၂၈ ရက် မနက်အစောပိုင်းမှာတော့ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က အိမ်နီးချင်း ကူဝိတ်နဲ့ ဘာရိန်း နိုင်ငံတွေထဲက အမေရိကန် အခြေစိုက် စခန်းတွေဆီ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ပျံသန်းလာတဲ့ အီရန် စစ်လက်နက်တွေကို အဲဒီနှစ်နိုင်ငံမှာရှိတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ဟန့်တားရာက ပေါက်ကွဲသံတွေ ဆူညံနေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်မှုတွေ ပြန်စတင်လာတာနဲ့ ပတ်သက်လို့ အမေရိကန်ရော၊ အီရန်ကပါ သဘောတူညီမှု ချိုးဖောက်ကြောင်း အပြန်အလှန် လက်ညှိုးထိုး ပြစ်တင်နေကြပါတယ်။ အီရန်နဲ့ အမေရိကန်တို့ လက်မှတ်ရေးထိုးထားတဲ့ အချက် ၁၄ ခုပါ ငြိမ်းချမ်းရေး ဆွေးနွေးမှု သဘောတူညီချက်အရ နှစ်ဖက် တိုက်ခိုက်မှုတွေ အလုံးစုံ ရပ်တန့်ထားရမှာ ဖြစ်ပေမယ့် အခုတော့ တင်းမာမှုတွေ ပြန်ပြီး မြင့်တက်လာနေတာပါ။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အရှေ့အလယ်ပိုင်းမှာ အီရန်က ရန်လိုမှုတွေ ဆက်ပြနေမယ်ဆိုရင် အမေရိကန်ကလည်း စစ်ရေးနည်းလမ်းကို သုံးပြီး ကိစ္စတွေကို လက်စသတ်ရဖွယ် ရှိနေကြောင်း လူမှုကွန်ရက်မှာ ခြိမ်းခြောက် ရေးသားခဲ့ပါတယ်။
အခြေအနေ တစ်ခုဆီ ရောက်လာတဲ့အခါ အမေရိကန်ဟာ ကျိုးကြောင်းသင့်လျော်မှုထက် စစ်ရေးအရပဲ ကိစ္စတွေကို အပြတ်ရှင်းရတာမျိုး ရွေးချယ်လာရနိုင်ကြောင်း၊ အဲဒီအခါ အစပိုင်းကတည်းက အရမ်း အောင်မြင်ခဲ့တဲ့ အလုပ်ကို ပြည့်စုံ ပြီးမြောက်တဲ့ထိ ဆက်လုပ်ရုံသာ ရှိကြောင်း ထရမ့်က ဆိုပါတယ်။ တကယ်လို့ အမေရိကန်သာ ဒီနည်းလမ်းကို ရွေးဖြစ်ရင်တော့ အီရန်နိုင်ငံ ဆိုတာတောင် ဆက်ပြီး တည်တံ့နေနိုင်ခြေ မရှိဘူးလို့လည်း သူက ခြိမ်းခြောက်သွားပါတယ်။
ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truthမှာ အဲဒီပို့စ်ကို တင်မထားခင် တစ်နာရီလောက်တုန်းကတော့ အမေရိကန် မဟာမိတ် ကူဝိတ်နိုင်ငံရဲ့ စစ်တပ်ဟာ ရန်သူ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တုံ့ပြန် တားဆီးနေရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဘာရိန်းမှာလည်း လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ ဆူညံနေခဲ့ပါတယ်။
IRGCကတော့ ဒေသတွင်း နိုင်ငံနှစ်ခုမှာ ရှိနေတဲ့ အမေရိကန် အခြေစိုက် စခန်းတွေဆီကို ရေတပ်နဲ့ လေတပ်က ပူးပေါင်းပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ အမေရိကန် စစ်ဘက် အရာရှိ တစ်ဦးကလည်း အရှေ့အလယ်ပိုင်း ဒေသက အမေရိကန် စစ်စခန်းတွေ ပစ်မှတ်ထား ခံရကြောင်း အတည်ပြုခဲ့ပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုနဲ့ စစ်စခန်းတွေ အကြီးစား ထိခိုက်မှု သတင်းမျိုးတော့ မကြားရကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: Reuters


















































