-ခါကာဘို ရေးသားသည်။
ဆီးနှင်းတွေနဲ့ အေးခဲနေတဲ့ တရုတ်-တိဘက်ကုန်းပြင်မြင့်ရဲ့ တန်ဂူလာတောင်တန်းအနီး ရေခဲမြစ်တွေ ကနေ စတင်မြစ်ဖျားခံလာတဲ့ မဲခေါင်မြစ်ဟာ အရှေ့တောင်အာရှရဲ့ မိုင်ပေါင်း ၂,၇၀၀ ကျော်ရှည်လျားတဲ့အသက်သွေးကြော မြစ်ကြီးတစ်စင်းအဖြစ် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်အတွင်းကို ဝင်ရောက် စီးဆင်းသွားပါတယ်။
မဲခေါင်ဟာ အမေဇုံမြစ်ပြီးရင် ကမ္ဘာပေါ်မှာ ငါးမျိုးစိတ်အများဆုံးရှိတဲ့ မြစ်တစ်စင်းဖြစ်ပြီး ရေချိုသဘာဝကို ထိန်းထားပေးတဲ့ အဓိကဂေဟစနစ် (Freshwater ecosystem) တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို ဇီဝမျိုးစိတ်များစွာ စုံလင်မှုကြောင့် ဒေသတွင်း လူသန်းပေါင်း ၆၀ အတွက် အစားအစာနဲ့ အသက်မွေးဝမ်းကျောင်းရဲ့ အဓိကရင်းမြစ်လည်း ဖြစ်နေပါတယ်။

ဒီနေ့The Diplomatရဲ့သတင်းကတော့အရှေ့တောင်အာရှ အတွင်း“မြစ်တွေ အဆိပ်သင့်လာနေတဲ့ အန္တရာယ်”ကိုသာမန်ပတ်ဝန်းကျင်ပြဿနာ တစ်ခုထက်ပိုပြီး နယ်စပ်ဖြတ်ကျော်နိုင်ငံရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး ပြဿနာတွေအထိ ချဲ့ထွင် မြင်လာစေပါတယ်။

Public Service Announcement
ထိုင်းနိုင်ငံမြောက်ပိုင်းကမဲခေါင်ရဲ့လက်တက်တွေဖြစ်တဲ့ကော့မြစ်၊ စိုင်မြစ်နဲ့ ရွက်မြစ်အပါအဝင် မြစ်ကြောင်းတချို့မှာ အာဆင်းနစ်၊ ခဲနဲ့ ပြဒါးတို့လို အန္တရာယ်ရှိ သိပ်သည်းဆမြင့်တဲ့ လေးလံသတ္တု (heave metal) အမျိုးအစားတွေ ပါဝင်မှု မြင့်မားနေတယ်ဆိုတာကို သုတေသနတွေက ပထမဆုံး အကြိမ် ထုတ်ဖော်ခဲ့ပါတယ်။
“လေးလံသတ္တု” လို့ခေါ်တဲ့ အာဆင်းနစ်၊ ခဲနဲ့ ပြဒါး တွေဟာ သဘာဝသတ္တု အမျိုးအစားတွေ ဖြစ်ပေမယ့် ပမာဏများလာရင် ရေ၊ မြေ၊ ငါးနဲ့ သီးနှံတွေထဲမှာ စုဆောင်းနေပြီး လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အခါ အာရုံကြော၊ကျောက်ကပ်၊အသည်းနဲ့အခြား ကိုယ်အင်္ဂါတွေကို ထိခိုက်စေနိုင်တဲ့ အဆိပ်အတောက်တွေ ဖြစ်ပါတယ်။



ရေအရောင်ပြောင်းလာတာ၊ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးလာတာကလည်း ဒေသခံ ပြည်သူတွေရဲ့ ကျန်းမာရေးအပေါ် စိုးရိမ် ထိတ်လန့်မှုတွေ ပိုမို မြင့်တက်လာစေပါတယ်။
သုတေသနတွေအရဒီဖြစ်ရပ်တွေဟာ သဘာဝအလျောက်ဖြစ်ပေါ်လာတာမဟုတ်ဘဲ ဆည်တည်ဆောက်မှုလို၊ သတ္တုတူးဖော်ရေးတို့လို လူလုပ် လုပ်ငန်းတွေကနေ ထွက်ပေါ်လာတဲ့ ညစ်ညမ်းမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အဓိကအကြောင်းရင်းတွေထဲမှာ မြန်မာနိုင်ငံမြောက်ပိုင်းက စနစ်တကျ ထိန်းသိမ်းစောင့်ကြည့်မှု မရှိသေးတဲ့သတ္တုတူးဖော်ရေး လုပ်ငန်းတွေ၊ အထူးသဖြင့် မြေရှားသတ္တု (Rare Earth) နဲ့ ရွှေတူးဖော်မှုတွေ ပါဝင်နေပါတယ်။

ကချင်၊ ရှမ်းဒေသတွေကနေ ထွက်လာတဲ့ အဆိပ်သင့်ရေတွေဟာ မြစ်ရေစီးကြောင်းအတိုင်း ဆက်လက်ရွေ့လျားပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ ရောက်ရှိနေတယ်လို့ သုတေသနတွေက သတိပေးထားပါတယ်။ အဲဒီလို အထက်ပိုင်းကနေ စီးဆင်းလာတဲ့ ညစ်ညမ်းရေတွေဟာ ထိုင်းနိုင်ငံမှာပဲ ရပ်တန့်မနေဘဲ မြစ်တလျောက် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အထိပါ ပျံ့နှံ့ လာနေပါတယ်။
ရေထဲမှာပျော်ဝင်နေတဲ့အဆိပ်အတောက်တချို့ဟာ အချိန်ကြာလာတာနဲ့အမျှ လျော့နည်း သွားနိုင်ပေမယ့် အာဆင်းနစ်၊ ခဲနဲ့ ပြဒါးလို လေးလံသတ္တုတွေ ကတော့ မြစ်အောက်ခြေ အနည်အနှစ်တွေ ထဲမှာ စုစည်းနေနိုင်ပြီး အနည်တွေနဲ့အတူ ရေစီးကြောင်းအတိုင်း မိုင်ရာချီ အကွာအဝေးအထိ သယ်ဆောင်သွားနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် သုတေသနတွေက ဖော်ပြ ထားပါတယ်။ ဒါကြောင့် ဒီပြဿနာဟာနိုင်ငံတစ်နိုင်ငံရဲ့ပြဿနာမဟုတ်တော့ဘဲ မဲခေါင်မြစ်ဝှမ်း တစ်ခုလုံး မျှဝေရမယ့် အန္တရာယ်တစ်ရပ် ဖြစ်လာနေပါတယ်။
ထိုင်းနိုင်ငံဘက်မှာတော့ ဒီပြဿနာကို လူထုအာရုံစိုက်လာစေဖို့ ဘုန်းကြီးတွေဦးဆောင်ပြီး ၆ ရက်ကြာ “ငြိမ်းချမ်းရေးချီတက်ပွဲ” တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ဒါဟာသဘာဝပတ်ဝန်းကျင်ပြဿနာတစ်ခု အဖြစ် သာမက လူမှုရေး၊ ယုံကြည်ချက်နဲ့ နိုင်ငံရေးဖိအားအဖြစ်ပါ တဖြည်းဖြည်း ပြောင်းလဲလာနေပြီ ဆိုတဲ့ သက်သေတစ်ခုဘဲ ဖြစ်ပါတယ်။

သုတေသီတွေ အထူးသတိပေးထားတာကတော့ အန္တရာယ်ဟာ ရေမျက်နှာပြင်မှာပဲ မဟုတ်ဘဲ မြစ်အနည်အနှစ် (sediment) ထဲထိ စိမ့်ဝင်သွားနိုင်တာပါ။ အဲဒီအခြေအနေကနေငါးတွေ၊စိုက်ပျိုးရေးထုတ်ကုန်တွေ၊နောက်ဆုံးမှာ လူသား စားသုံးမှုအထိ ဝင်ရောက်လာနိုင်တဲ့ “အစာကွင်းဆက်အဆိပ်သင့်မှု (Contamination of the food chain)” ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် အာဆင်းနစ်ဟာ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းစုဆောင်းပြီး ရေရှည်မှာ ကင်ဆာလို အန္တရာယ်ကြီးတဲ့ ရောဂါတွေကို ဖြစ်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။
ဒီလိုအစာကွင်းဆက် အဆိပ်သင့်မှုက အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဲခေါင်မြစ်ဟာ တုံလေဆပ်ရေကန်ကြီး (Tonle Sap Lake)နဲ့ တိုက်ရိုက်ချိတ်ဆက်နေပြီး အဲဒီရေချိုအိုင်ဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံး ရေချိုအိုင်ကြီး ဖြစ်သလို ကမ္ဘောဒီးယားပြည်သူ သန်းပေါင်းများစွာရဲ့ အဓိကပရိုတင်း အရင်းအမြစ်ဖြစ်တဲ့ ငါးလုပ်ငန်းကို ထောက်ပံ့ပေးနေတဲ့ သဘာဝဂေဟစနစ်လည်း ဖြစ်ပါတယ်။

မိုးရာသီမှာ မဲခေါင်ရေ မြင့်တက်လာတဲ့အခါ တုံလေဆပ်ထဲကို ရေပြန်စီးဝင်ပြီး ငါးမျိုးစုံပေါက်ဖွားရာ နေရာဖြစ်လာပါတယ်။ လေ့လာတွေ့ရှိချက်အရ သတိထားရမယ့်အချက်ကတော့ မန်ဂနိစ်၊ အာဆင်နစ်၊ ခဲ စတဲ့ အန္တရာယ်ရှိနိုင်တဲ့ သတ္တုတွေဟာ ငါးတချို့မှာ လက်ခံနိုင်တဲ့ အမြင့်ဆုံးအဆင့်ထက် ကျော်လွန် နေကြောင်း သုတေသီတွေ တွေ့ရှိထားပါတယ်။
အာဟာရကောင်းကျိုးနဲ့ အန္တရာယ်ကို တစ်ပြိုင်နက် အကဲဖြတ်တဲ့ စနစ်နှစ်ခုဖြစ်တဲ့ SAIN နဲ့ LIM စနစ်အရတော့ တုံလေဆပ်မှာ သု တေသနလုပ်ခဲ့တဲ့ ငါးအမျိုးအစား ၁၀ မျိုးလုံးကို ကျန်းမာရေး အတွက် စားသုံးနိုင်တဲ့ အစားအစာအုပ်စုထဲမှာ ထည့်ထားပေမယ့်၊ လေလံသတ္တုပါ ထည့်စဉ်းစားလိုက်တဲ့ အခါ ငါးမျိုးစိတ် ၇ မျိုးကိုတော့ “အနည်းငယ်သာ စားသုံးသင့်တဲ့အုပ်စု” ထဲကို ပြောင်းလဲ သတ်မှတ် လိုက်ရပါတယ်။
ဒီလို အထက်ပိုင်းက အန္တရာယ်ရှိတဲ့သတ္တုတွေသာ ရေရှည်ဝင်ရောက်လာမယ်ဆိုရင် အနည်အနှစ် တွေထဲမှာ စုဆောင်းလာနိုင်ပြီး ငါးမျိုးစိတ်တွေ၊ ရေသတ္တဝါတွေနဲ့ ကမ္ဘောဒီးယားရဲ့ အစားအစာ လုံခြုံရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပြီးဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ စောင့်ကြည့်စနစ်တချို့ကို တိုးချဲ့နေတယ်လို့ ဆိုပေမယ့် လုပ်ဆောင်မှု အရှိန် နှေးကွေးနေသေးတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ တရုတ်နိုင်ငံကတော့ ရေစမ်းသပ်ချက် အရ ယေဘုယျအားဖြင့် ဘေးကင်းတယ်လို့ တုံ့ပြန်ထားပေမယ့်သိပ္ပံပညာရှင်တွေကတော့ “တဖြည်းဖြည်း အဆိပ်သင့်ခြင်း (slow poisoning)” လို အချိန်ကြာလာမှသာ ထိခိုက်မှု ထင်ရှားလာတဲ့ အန္တရာယ်မျိုးကို သတိပေးနေကြပါတယ်။
အဓိကအရေးကြီးတာကတော့ ဒီပြဿနာဟာ နိုင်ငံတစ်နိုင်ငံထဲ ဖြေရှင်းလို့မရတဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာတစ်ခုဖြစ်နေတာပါပဲ။ မဲခေါင်မြစ်ရေစီးကြောင်းဟာ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်ပြီး စီးဆင်းနေသလိုပဲ အဆိပ်အတောက်တွေကလည်း အဲဒီနယ်နိမိတ်တွေကို ကျော်လွန်ပြီ ဖြတ်သန်း သွားနေပါတယ်။
ဒီသက်ရောက်မှုတွေဟာနောက်ဆုံးမှာ ဗီယက်နမ်နိုင်ငံရဲ့ မဲခေါင်မြစ်ဝှမ်း အထိ ဆက်လက် ရောက်ရှိ လာနိုင်ပါတယ်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး ဆန်စပါးထုတ်လုပ်ရာ ဒေသတွေထဲက တစ်ခုဖြစ်သလို ငါးမွေးမြူရေးနဲ့ ပင်လယ်စာတင်ပို့မှုအတွက်လည်း အဓိကဒေသ တစ်ခု ဖြစ်ပါတယ်။
ဗီယက်နမ် သုတေသနတွေက မြစ်ဝှမ်းအတွင်း မြေအောက်ရေမှာ အာဆင်းနစ် ပြဿနာ ရှိနေပြီးသား ဖြစ်ကြောင်း ဖော်ပြထားပြီး၊ အထက်ပိုင်းကလာတဲ့ လေးလံသတ္တုတွေ ထပ်တိုးဝင်ရောက် လာမယ် ဆိုရင် စိုက်ပျိုးရေး၊ ရေချိုငါးမွေးမြူရေးနဲ့ ဒေသတွင်း အစားအစာ ထုတ်လုပ်မှုအပေါ် ရေရှည် ဖိအားတွေ ပိုမိုများပြား လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် မဲခေါင်မြစ်ဟာနောက်ဆုံးမှာ တောင်တရုတ်ပင်လယ်ထဲကို စီးဝင်သွားတာကြောင့် အန္တရာယ်ဟာ မြစ်ကြောင်းမှာပဲ ရပ်တန့်မသွားနိုင်ပါဘူး။ ဒီ လေးလံသတ္တုတွေဟာ ပင်လယ်ရေထဲမှာ ပျော်ဝင်သွားတာထက် ပင်လယ်အောက်ခြေအနည်အနှစ်တွေအဖြစ် စုဆောင်းလာနိုင်ပြီး ထိုင်းပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ် ကမ်းရိုးတန်းဂေဟစနစ်တွေ၊ ငါးဖမ်းလုပ်ငန်းတွေ၊ ပုစွန်မွေးမြူရေးလုပ်ငန်းတွေအထိ ရေရှည် သက်ရောက်နိုင်တယ်လို့ ပင်လယ်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ သုတေသနတွေက ဖော်ပြထားပါတယ်။
မဲခေါင်မြစ်ရဲ့ အဆိပ်သင့်မှုဆိုတာက သဘာဝပတ်ဝန်းကျင်ပြဿနာသာမက ဒေသတစ်ခုလုံးရဲ့ စီးပွားရေး၊ အရင်းအမြစ် စီမံခန့်ခွဲမှု၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်လိုစိတ်နဲ့ တာဝန်ခံမှုရှိ၊ မရှိကို ထင်ဟပ်ပြသနေတဲ့ သတိပေးချက် တစ်ခုလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ အာဏာတည်မြဲရေးကိုသာ ဦးစားပေးနေတဲ့ မြန်မာစစ်အစိုးရဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေအပေါ် ထိရောက်တဲ့ တာဝန်ယူမှုနဲ့ ယုံကြည်စိတ်ချရတဲ့ အာမခံချက်မျိုး၊ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ ရှိမနေခြင်းကြောင့် ဒေသတစ်ခုလုံး အတွက် စိုးရိမ်စရာ ဖြစ်နေသလို မဲခေါင်ဟာလည်းလူသားတွေကသူ့ရေစီးထဲကို တဖြည်းဖြည်း တိုက်ကျွေး နေကြတဲ့ အဆိပ်တွေကို ရပ်တန့်ပေးဖို့ တာဝန်ယူမှုတွေကို တိတ်တဆိတ် စောင့်မျှော်နေဆဲပါ။
ကိုးကား – The Diplomate,Mongabay,ResearchGate
ဓါတ်ပုံ- Bangkok Post ၊ Mongabay ၊ Shanti Cantrelle


















































