အငြင်းပွားစရာ အခြေအနေဆိုးတွေ ကြုံခဲ့တဲ့နောက် နိုင်ငံရဲ့ စာမေးပွဲ စနစ်တစ်ခုလုံးကို အကြီးစား သုံးသပ်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အထူးအဖွဲ့ တစ်ခုကို အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက တာဝန်ပေးလိုက်ပါတယ်။
အိန္ဒိယမှာ အလုပ်အကိုင် အခွင့်အရေးကောင်းတွေ ရရှိစေမယ့် ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုတွေနဲ့ နောက်ဆက်တွဲ အရှုပ်တော်ပုံတွေကို လူငယ်တွေ ဦးဆောင်ပြီး သီတင်းပတ်တချို့ကြာအောင် ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်အပြီး အစိုးရက အခုလို တုံ့ပြန်စီမံလာတာ ဖြစ်ပါတယ်။
စာမေးပွဲ မေးခွန်းပေါက်ကြားမှုတွေ အပြီးမှာတော့ ပညာရေး ဝန်ကြီးဌာနက စာမေးပွဲ ရလဒ်တွေကို ပယ်ဖျက်ပစ်ခဲ့တာမျိုး ကိုင်တွယ် ဖြေရှင်းမှုတွေဟာ အခြေအနေတွေကို ဆိုးသထက် ဆိုးသွားစေခဲ့ပါတယ်။ အဲဒီစာမေးပွဲတွေမှာ လူငယ်တွေ ပါဝင်ဖြေဆိုဖို့ အချိန်တွေ၊ ငွေကြေးတွေ၊ အရင်းအမြစ်တွေ အများကြီး စိုက်ထုတ်ထားရတာ ဖြစ်တာကြောင့် တချို့ လူငယ်တွေဟာ စိတ်ဓာတ်ကျပြီး သေကြောင်းကြံတာတွေထိ ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပိုးဟပ်ပြည်သူ့ပါတီ (CJP)လို့ နာမည်ပေးထားပြီး လူငယ်တွေ အဓိက ဦးဆောင်ပါဝင်တဲ့ နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့တစ်ခုရဲ့ သီတင်းပတ်အတော်ကြာ ဆန္ဒပြခဲ့ပြီး စာမေးပွဲ စနစ်တွေကို ပြန်လည် သုံးသပ် ပြောင်းလဲပေးဖို့၊ ပညာရေး ဝန်ကြီးကို ထုတ်ပယ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်က ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပြီး CJPရဲ့ ဆန္ဒပြပွဲတွေလည်း အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့ပါတယ်။

Public Service Announcement
ဇူလိုင် ၂၆ ရက်နေ့မှာတော့ မိုဒီက စာမေးပွဲစနစ်ကို ပြန်လည်သုံးသပ် ပြင်ဆင်စေမယ့် အထူးအဖွဲ့တစ်ခု ဖွဲ့စည်းမယ့်အကြောင်း ကြေညာပြီး နည်းပညာ လုပ်ငန်းရှင် စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့ နန်ဒန် နီလီကာနီက အဲဒီအဖွဲ့ကို ဦးဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံရဲ့ စာမေးပွဲ စနစ်တွေဟာ လူထုရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိနေသင့်သလို ပွင့်လင်းမြင်သာမှုလည်း ရှိဖို့လိုကြောင်း၊ ဒါ့အပြင် စနစ်တစ်ခုလုံးမှာ ခေတ်မီ နည်းပညာတွေ ဖြစ်နိုင်သမျှ အမြင့်ဆုံး အတိုင်းအတာနဲ့ အသုံးချဖို့ လိုကြောင်း Instgramမှာ မိုဒီက ရေးသားထားခဲ့ပါတယ်။
အရင်က ဖြစ်ပွားခဲ့တဲ့ မေးခွန်းပေါက်ကြားမှု ပြဿနာနဲ့ ပတ်သက်လို့ သင့်တင့်မှန်ကန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ရေး ဥပဒေကြောင်းအရ ဆွေးနွေးမှုတွေကိုလည်း လွှတ်တော်မှာ ဇူလိုင် ၂၇ ရက်နေ့ကျရင် စတင်သွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒါဟာ ဇူလိုင် ၂၅ ရက်နေ့တုန်းက ပညာရေးဝန်ကြီး နုတ်ထွက်မှုအပြီး အခုပြဿနာနဲ့ ပတ်သက်လို့ မိုဒီဆီက ပထမဆုံးအကြိမ် ထွက်ပေါ်လာတဲ့ သဘောထား မှတ်ချက်တွေ ဖြစ်ပါတယ်။
အစိုးရဟာ ဆန္ဒပြ လူငယ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့ရာမှာတော့ စာမေးပွဲ စနစ်တွေကို ပြန်လည် သုံးသပ် ပြင်ဆင်ပေးဖို့၊ ဆန္ဒပြသူတွေအပေါ် ရဲတွေက အမှုဖွင့်ထားတာတွေကို ရုပ်သိမ်းပေးဖို့၊ မေးခွန်းပေါက်ကြားမှု အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး အဆုံးစီရင်သွားခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးဖို့လည်း သဘောတူခဲ့ပါတယ်။
စာမေးပွဲစနစ်တွေ ပြင်ဆင်ပြောင်းလဲရေး အထူးအဖွဲ့ကို ဦးဆောင်မယ့် နီလီကာနီဟာ အိန္ဒိယရဲ့ ဒစ်ဂျစ်တယ် သရုပ်ခွဲခြား မှတ်သားမှုစနစ် Aadhaarကို ဦးဆောင် တီထွင်ခဲ့သူဖြစ်ပြီး Infosysဆိုတဲ့ software ကုမ္ပဏီရဲ့ ပူးတွဲထူထောင်သူလည်း ဖြစ်ပါတယ်။
ကိုးကား: Reuters


















































