ဇူလိုင် ၂၉၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေ ၃၀ နီးပါး တိုက်ပိတ်ခံထားရပြီး လွတ်ရက်စေ့ နိုင်ကျဥ်း ၅ ဦးကိုလည်း စစ်တပ်က ပြစ်ဒဏ်တွေ တိုးမြှင့်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ ဇူလိုင် ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝင်စာပိတ်တာနဲ့ ဧည့်တွေ့ပိတ်တာတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ကာ အလုပ်ကြမ်းတွေ အတင်းအကျပ်ခိုင်းစေနေကြောင်း၊ အဲဒီလို ဖိနှိပ်ခိုင်းစေမှုကို ငြင်းဆန်သူတွေနဲ့ အခွင့်အရေးတောင်းဆိုသူတွေကို သီးခြားပြစ်ဒဏ်တိုက်တွေဆီပို့ပြီး အကန့်အသတ်မရှိ တိုက်ပိတ်တာနဲ့ ရိုက်နှက်ညှဉ်းပန်းတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။
တိုင်ကြားသူတွေကိုလည်း ဆူပူသောင်းကျန်းတယ်လို့ စွပ်စွဲကာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
ဒါ့အပြင် အကျဉ်းထောင်ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲကာ အမျိုးသမီးဝန်ထမ်း ၅ ဦးခန့်က နံပတ်တုတ်တွေနဲ့ အုပ်စုဖွဲ့ ဝိုင်းရိုက်နှက်တာ၊ ထောင်ဝင်စာနဲ့ ပြင်ပဆက်သွယ်ရေးတွေကို အကန့်အသတ်မရှိ ဖြတ်တောက်တာ၊သက်သေအတုတွေ ဖန်တီးပြီး အမှုဆင်ကာ ဖမ်းဆီးတိုက်ပိတ်တာတွေကို ပြုလုပ်နေကြောင်း PPNMက ထပ်မံအသိပေးပါတယ်။
လက်ရှိအချိန်မှာ ဒိုက်ဦးဗဟိုအကျဉ်းထောင်အတွင်း မတရားသီးခြားတိုက်ပိတ်ခံထားရသူ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးရှိနေပြီး ၎င်းတို့ကို တစ်ရက် ရေ ၁ လီတာဘူး တစ်ဘူးသာပေးတာ၊ ၁၄ ရက်ကြာ ရေမချိုးခိုင်းတာ၊ စောင်တစ်ထည်နဲ့ ရေတစ်ဘူးသာ ထားပြီး ဆန်ပြုတ်တစ်မျိုးတည်းပဲ ကျွေးတာတွေ ပြုလုပ်နေကြောင်း PPNMက ဆိုပါတယ်။
လွတ်ရက်စေ့ခါနီး အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေကိုလည်း တရားမဝင် ပစ္စည်းတွေနဲ့ အမှုဆင်ကာ ပြစ်ဒဏ်တိုးမြှင့်ခံထားရသူ ၅ ဦးခန့်ရှိနေပြီး အကျဉ်းသူအများစုဟာ ပြင်းထန်တဲ့ စိတ်ကျရောဂါတွေနဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကို ခံစားနေရကြောင်း PPNMက ပြောပါတယ်။
“အသုံံးပြုထားတဲ့ ဥပဒေပုဒ်မတွေနဲ့ စွဲချက်အသေးစိတ်ကိုတော့ လက်ရှိမှာ စုံစမ်းဆဲဖြစ်ပါတယ်”လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
ဒါ့အပြင် ပြစ်ဒဏ်ကာလ ပြီးဆုံးသွားပေမဲ့ အဆောင်ပြန်မပို့ဘဲ တစ်လ ဟင်းတစ်မျိုးနဲ့ ကော်ဖီသုံးထုပ်သာ ထောင်ဝင်စာပေးသွင်းခွင့်ပြုကာ တိုက်အတွင်း ဆက်ချုပ်ထားကြောင်း၊ အဲဒီ အခြေအနေတွေကြောင့် အကျဉ်းသူတွေဟာ အဆုတ်အအေးပတ်တာ၊ ကြွက်သားချိနဲ့လာတာတွေ ကြုံတွေ့နေရပြီး လိုအပ်တဲ့ ဆေးကုသခွင့် မရရှိဘဲ ဆက်လက်ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့လို့ ကိုယ်ဝန်ဆောင်တွေနဲ့ အရေးပေါ်ခွဲစိတ်လူနာတွေကို ပြင်ပဆေးရုံတက်ခွင့်မပေးဘဲ အကျဉ်းထောင်အတွင်းမှာပဲ မွေးဖွားစေခဲ့ကြောင်း၊ မွေးဖွားပြီးနောက်မှာလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရမရရှိတာကြောင့် မိခင်တစ်ဦး ကလေးဆုံးရှုံးခဲ့ရတဲ့အပြင် မွေးကင်းစကလေးငယ်တစ်ဦးလည်း ၂၄ နာရီအတွင်း သေဆုံးခဲ့ရကြောင်း PPNMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
PPNM အနေနဲ့ အဲဒီ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေရဲ့ အသက်အန္တရာယ်၊ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးအတွက် ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ရေးနဲ့ အကျဉ်းသူတွေရဲ့ ရပိုင်ခွင့်၊ လူ့အခွင့်အရေးတွေ အမြန်ဆုံးရရှိရေးအတွက် ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
















































