သြဂုတ်-၆၊၂၀၂၆။People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားထားမှုကို ဖျက်သိမ်းဖို့ ထိုင်းလွှတ်တော် အမတ်တစ်ဦးက ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။
အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ကန်နာဗီ ဆူဘ်ဆန်က မင်းအောင်လှိုင်ရဲ့ ဩဂုတ် ၆ ရက်နဲ့ ၇ ရက် ထိုင်းနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးဖို့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူ ဦးဆောင်တဲ့ အစိုးရကို လူမှုကွန်ရက်ပေါ်ကနေတဆင့် ထိုင်း ၊အဂ်လိပ် နှစ်ဘာသာနဲ့တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်ကို ဦးဆောင် အာဏာသိမ်းခဲ့တဲ့နောက် အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေတဆင့် သမ္မတ ရာထူးကို ရယူထားသူ မင်းအောင်လှိုင်ဟာထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဘန်ကောက်မြို့မှာ အနူတင်နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

Public Service Announcement
ကန်နာဗီက သူဟာ မင်းအောင်လှိုင် ထုတ်ပြန်တဲ့ ရက် ၁၀၀ ကြေညာချက်ကို သေချာ ဆန်းစစ် လေ့လာခဲ့ကြောင်းပြောပါတယ်။အဲဒီ ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်ဟာ မြန်မာ့ အကျပ်အတည်းကို ကူညီ ဖြေရှင်းပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကညှိနှိုင်းလက်ခံထားတဲ့ ဘုံသ
ဘောတူညီချက်၅ရပ်ကိုဖီဆန်ငြင်းပယ်တယ်ဆိုတာထင်ရှားနေကြောင်းသူက ထောက်ပြခဲ့ပါတယ်။
မင်းအောင်လှိုင်ဟာ အာဏာသိမ်း စစ်တပ် ခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့တဲ့ လမ်းကြောင်းအတိုင်း တသွေမတိမ်း ရှေ့ဆက်နေကြောင်း၊ သူ့ရဲ့ မူဝါဒတွေဟာ ကီလိုမီတာ ၂၄၀၀ ရှည်လျားတဲ့ နယ်စပ်တလျှောက် ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက် ထိခိုက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေစေကြောင်း ကန်နာဗီက ဆိုပါတယ်။
နောက်ပြီး မင်းအောင်လှိုင် ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ပါဝင်ပေမယ့် လက်တွေ့နဲ့တော့ ကိုက်ညီမှု မရှိဘူးလို့ သူက ပြောပါတယ်။ မြန်မာစစ်တပ်ဟာ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း၊ တချို့ တိုက်ခိုက်မှုတွေဟာ မနှစ်က ဆိုးရွားလှတဲ့ ငလျင်ကြီး အပြီးမှာတောင် ဖြစ်ပွားခဲ့ကြောင်း ကန်နာဗီက ဝေဖန်ထားပါတယ်။
သူက မြန်မာစစ်တပ်က အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်း မနေရ စနစ်အကြောင်းကိုလည်း ထည့်သွင်း ထောက်ပြထားပြီး အဲဒီစနစ်ကြောင့် မြန်မာ နိုင်ငံသား အများအပြားဟာ ပြည်ပကို ထွက်ပြေးကုန်ပြီး အကျိုးဆက်အဖြစ် ထိုင်းက လူသားချင်း စာနာမှုအရေး၊ လုံခြုံရေးနဲ့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးတွေကို ပိုပြီး ထမ်းထားရတယ်လို့ ပြောပါတယ်။
မင်းအောင်လှိုင်က နယ်စပ်အခြေစိုက် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံခြားသား ၇၅ရာခိုင်နှုန်းလောက်ဟာ အိမ်နီးချင်း နိုင်ငံတွေကနေ ဖြတ်သန်း ဝင်ရောက်ခဲ့တာလို့ ပြောဆိုဖူးကြောင်း၊ ဒါဟာ နိုင်ငံတကာက အာရုံစိုက်လာတဲ့ ဒုစရိုက်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းအပေါ် အပြစ်ပုံချတဲ့ အဓိပ္ပါယ်ဖြစ်ကြောင်းလည်း ကန်နာဗီက ပြောပါတယ်။
သူက မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးဖို့ တိုက်တွန်းပေမယ့် ထိုင်းဟာ မြန်မာနဲ့ သံတမန်ရေး ဖြတ်တောက်စရာတော့ မလိုဘူးလို့ ဆိုပါတယ်။ အဲဒီအစား နယ်စပ်အရေး၊ နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေနဲ့ မူးယစ်မှောင်ခိုမှုတွေ နှိမ်နင်းရေးမှာတော့ ဆက်လက် ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိသင့်ကြောင်း ကန်နာဗီက အကြံပြုထားပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသူ တစ်ဦးကိုတော့ နိုင်ငံရေးအရ တရားဝင်မှုပေးတဲ့ လုပ်ရပ်မျိုးတွေကနေ ရှောင်ရှားသင့်ကြောင်း သူက ဆိုပါတယ်။
ထိုင်းအစိုးရကတော့ မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တာဟာ ပိုမိုကျယ်ပြန့်တဲ့ အခြေအနေတွေအတွက် ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖုန်ကက်ကောင်က မြန်မာနဲ့ တွေ့ဆုံဖို့အတွက် အရေးတကြီး လိုအပ်တဲ့ အကြောင်းအရာတွေ ရှိနေကြောင်း ပြောကြားခဲ့သလို မြန်မာ့ရွေးကောက်ပွဲ နောက်ဆက်တွဲအဖြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ဆွေးနွေးမှုတွေစတင်နိုင်ဖို့ ထိုင်းအစိုးရကမျှော်လင့်ထားကြောင်းလည်း မှတ်ချက်ပေးထားခဲ့ပါတယ်။
ကိုးကား-Thaiger


















































