မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။
ဖက်ဒရယ် တရားသူကြီး နှစ်ဦးက သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ အဲဒီနိုင်ငံသားတွေအတွက် TPSကို ရုပ်သိမ်းပိုင်ခွင့် ရှိကြောင်း အဆုံးအဖြတ် ပေးခဲ့ပါတယ်။ ဒါကြောင့် TPS အောက်ကနေ အမေရိကန်မှာ ခိုလှုံနေတဲ့ မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေကို အစိုးရက နှင်ထုတ်ပိုင်ခွင့် ရှိလာနိုင်ပါတယ်။
ဘော်စတွန်နဲ့ ချီကာဂိုတို့မှာရှိတဲ့ တရားသူကြီး နှစ်ဦးက ဩဂုတ် ၇ ရက်နေ့မှာ အခု အဆုံးအဖြတ်ကို အသီးသီး အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ TPS ဆက်လက် ထားရှိပေးဖို့ ရွှေ့ပြောင်း အခြေချသူတွေအရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေဆီက နောက်ဆုံး အားထုတ်မှုတွေကို တရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။
ဇွန်လတုန်းကလည်း အမေရိကန် တရားရုံးချုပ်ဟာ ဟေတီနဲ့ ဆီးရီးယား နိုင်ငံသားတွေအတွက် အလားတူ အကာအကွယ် ပေးထားမှုကို အစိုးရ အနေနဲ့ ရုပ်သိမ်းပိုင်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ပေးခဲ့ဖူးပါတယ်။

Public Service Announcement
TPS ဆိုတာဟာ အမေရိကန်ကို ရောက်နေတဲ့ နိုင်ငံခြားသားတွေဟာ ဇာတိနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ တခြားအန္တရာယ်များတဲ့ အခြေအနေတွေ ရှိနေရင် နေရပ်မပြန်ဘဲ ဆက်လက် ခိုလှုံခွင့် ပေးထားတဲ့ သတ်မှတ်ချက်မျိုး ဖြစ်ပါတယ်။
နိုင်ငံနှစ်ခုရဲ့ TPSတွေကို ပယ်ဖျက်ခွင့် ရှိသွားပြီဆိုရင် တောင်ဆူဒန် နိုင်ငံသား ၂၃၂ ဦးနဲ့ မြန်မာ ၄၀၀၀ ဝန်းကျင်လောက်ကို ထရမ့်ရဲ့ အစိုးရက နယ်နှင်ခွင့် ရလာမယ့် အဓိပ္ပါယ်လို့ Reuters သတင်းဌာနက ရေးသားခဲ့ပါတယ်။
တရားရုံးချုပ် ဆုံးဖြတ်ချက်မှာတော့ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (DHS)က နိုင်ငံပေါင်း တစ်ဒါဇင်လောက်ရဲ့ နိုင်ငံသားတွေအတွက် TPS ရုပ်သိမ်းမှုတွေ အကောင်အထည် ဖော်တာကို အောက်ရုံးတွေက စွက်ဖက် တားဆီးပိုင်ခွင့်ကိုပါ ကန့်သတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွှေ့ပြောင်းအခြေချသူတွေအတွက် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက DHSဟာ TPSတွေကို ပယ်ဖျက်ဖို့ ဥပဒေကြောင်းအရ အခွင့်အာဏာ မရှိဘူးဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ်ပြီး တရားရေးအရ ထပ်မံစိန်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဩဂုတ် ၇ ရက်မှာတော့ ဘော်စတွန်မှာရှိတဲ့ အမေရိကန် ခရိုင်တရားသူကြီး ပက်တီဆားရစ်ကတော့ အဲဒီ အားထုတ်မှုတွေကို ပယ်ချခဲ့ပြီး TPSတွေကို ပယ်ဖျက်ဖို့ရော၊ ပေးအပ်ဖို့ပါ DHSမှာ ရှိနေတဲ့ လုပ်ပိုင်ခွင့်အပေါ် မေးခွန်းထုတ်စရာ မလိုဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံသားတွေရဲ့ TPSကိစ္စမှာလည်း ချီကာဂိုက တရားသူကြီး မက်သရူး ကန်နဲလ်က အလားတူ အဆုံးအဖြတ်မျိုးပဲ ပေးခဲ့ပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေအရေး အကူအညီ ပေးနေသူတွေကတော့ မြန်မာနဲ့ တောင်ဆူဒန်တို့မှာ စစ်ရေးပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် TPS ရထားသူတွေ အမေရိကန်မှာ ဆက်လက် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ဆက်ရှိနေအောင် ဥပဒေကြောင်းအရ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ဆက်တွဲ ပြည်တွင်းစစ်မီး တောက်လောင်လာတဲ့ မြန်မာနဲ့ ၂၀၁၁ ကတည်းက ပြည်တွင်းပဋိပက္ခတွေ ဆိုးရွားနေခဲ့တဲ့ တောင်ဆူဒန် နိုင်ငံသားတွေရဲ့ TPSကို ရုပ်သိမ်းဖို့ DHSက မနှစ်က နိုဝင်ဘာလမှာ စတင် အကောင်အထည် ဖော်လာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Reuters


















































