အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ပြည်နယ်တစ်ခုမှာ အစိုးရ အလုပ်အကိုင် နေရာအတွက် စာမေးပွဲ စစ်ဆေးမှု စနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြ တောင်းဆိုသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြု လူစုခွဲခဲ့တာကြောင့် နှစ်ဖက်ကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဂျခန်ဒါ ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ရန်ချီမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ၊ အလုပ်အကိုင် ရှာဖွေသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး ဩဂုတ် ၁၀ ရက်နေ့တုန်းက ပြည်နယ် လွှတ်တော်ဆီ ချီတက်ဖို့ ကြိုးစားရာက ရဲတွေနဲ့ ထိပ်တိုက် တွေ့ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် အဓိကရုဏ်းတွေအတွင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
ဂျခန်ဒါမှာ ဆန္ဒပြပွဲတွေက ဇူလိုင်လကုန်ပိုင်းလောက် ကတည်းက စတင်ခဲ့ပြီး ဩဂုတ် ၁၀ ရက်မှာတော့ ရဲတွေနဲ့ပါ ထိပ်တိုက်တွေ့တဲ့ အခြေအနေထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော် တဝိုက်မှာ ချထားတဲ့ အတားအဆီးတွေကို ဆန္ဒပြသူတွေက အတင်းအကျပ် ချိုးဖျက်ဖို့ ကြိုးစားလာတာကြောင့် မီးသတ်ပိုက်တွေ၊ နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး လက်တုံ့ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Public Service Announcement
မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ပါရက်စ် ရာနားက ဆန္ဒပြသူ အများစုဟာ ငြိမ်းငြိမ်းချမ်းချမ်း စုဝေးခဲ့ပေမယ့် တချို့ကတော့ အုပ်စုဖွဲ့ပြီး ရန်လို တိုက်ခိုက်တာ၊ ရဲတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့ကြောင်း၊ ရဲအရာရှိ ၃ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေထဲမှာ ကျောင်းသားတွေ အများအပြား ပါဝင်နေတာကြောင့် ရဲတွေဟာ တတ်နိုင်သမျှ အင်အား အနည်းဆုံး အသုံးပြုပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ကြောင်း သူက ဆက်ပြောခဲ့သလို ဆန္ဒပြသူတွေရဲ့ တောင်းဆိုသံတွေက အစိုးရဆီ ရောက်ရှိသွားပြီး ဖြစ်တာကြောင့် စိတ်အေးအေးနဲ့ စောင့်စေလိုကြောင်းလည်း မေတ္တာရပ်ခံခဲ့ပါတယ်။
အိန္ဒိယရဲ့ မြို့တော် ဒေလီမှာ လူငယ်အများစု ပါဝင်ပြီး ထောင်သောင်းချီ များပြားတဲ့ ဆန္ဒပြသူတွေက ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ လှုပ်ရှားမှုကြီးအပြီး သီတင်းပတ်တချို့ ကြာပြီးတဲ့နောက် ရန်ချီမှာလည်း အခုလို ဆန္ဒပြပွဲမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှု နှစ်ခုကြား အဓိက ကွာခြားချက်ကတော့ ဒေလီက ဆန္ဒပြပွဲတွေဟာ နိုင်ငံရေး ပါတီတွေရဲ့ စေ့ဆော်မှုကြောင့် မဟုတ်ဘဲ ပိုးဟပ်လှုပ်ရှားမှုလို့ နာမည်ပေးထားပြီး လူငယ်အများစု ပါဝင်တဲ့ ချီတက်ပွဲတွေ ဖြစ်ပါတယ်။ သီတင်းငါးပတ်ကြာ ဆန္ဒပြပွဲတွေ အပြီးမှာတော့ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်း နုတ်ထွက်သွားပြီး ပိုးဟပ်လှုပ်ရှားမှုကိုလည်း အဆုံးသတ်ခဲ့ပါတယ်။
ရန်ချီက ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာတော့ ဘာရတ်တီယာ ဂျန်နက်တာ ပါတီ (BJP)က နောက်ကွယ်ကနေ အဓိက တွန်းအားပေး စေ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ်။ BJPဟာ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ကိုယ်စားပြုပြီး အိန္ဒိယရဲ့ အာဏာရ ပါတီဖြစ်ပေမယ့် ဂျခန်ဒါ ပြည်နယ်ထဲမှာတော့ အတိုက်အခံ အဖြစ်သာ ရပ်တည်နေရပါတယ်။
ရန်ချီမှာ လက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကတော့ အစိုးရ အမှုထမ်း ရာထူးတွေအတွက် ပြည်နယ် အစိုးရက စစ်ဆေးတဲ့ စာမေးပွဲ ရလဒ်တွေမှာ မရိုးသားမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အကြောင်းပြုပြီး စတင်လာခဲ့တာပါ။ ဇူလိုင်လတုန်းက အောင်စာရင်းတွေ ကြေညာခဲ့တဲ့နောက် လူမှုကွန်ရက်ပေါ် ပေါက်ကြားလာတဲ့ အောင်မြင်သူ တချို့ရဲ့ အဖြေလွှာတွေဟာ အမှန်တကယ် အောင်မှတ်နဲ့ မထိုက်တန်လောက်အောင် လျော့တိလျော့ရဲ ဖြေထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း စာမေးပွဲ ရလဒ်တွေ ဆုံးဖြတ်ရွေးချယ်ရာမှာ အဂတိမှုတွေ ရှိနေကြောင်း သံသယတွေ ကြီးထွားလာတာပါ။
BJPက ဒီအခြေအနေကို အသုံးချပြီး ပြည်သူတွေ အနေနဲ့ ပြည်နယ် အစိုးရဆီက ဖြေရှင်းချက်တောင်းဖို့၊ ပြည်နယ်ရဲ့ စာမေးပွဲ စနစ်တွေကို ပြန်လည် သုံးသပ်ပြင်ဆင်ရေးကိစ္စ လွှတ်တော်ထိ ရောက်အောင် တောင်းဆိုဖို့ တွန်းအားပေးလာခဲ့တာပါ။
ဂျခန်ဒါ ပြည်နယ် အစိုးရကတော့ ဖြေဆိုသူ ကျောင်းသူကျောင်းသား အားလုံးအတွက် တရားမျှတမှု ရရှိစေမယ်လို့ ကတိပြုထားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းအရေးယူမှုတွေ စတင်နေကြောင်း ပြောပါတယ်။ ဂျခန်ဒါ မှုခင်းစုံစမ်းရေးဌာန (CID)ကလည်း အခုကိစ္စနဲ့ ပတ်သက်လို့ လူပေါင်း တစ်ဒါဇင်ထက် မနည်းကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေကြောင်း အတည်ပြုထားပါတယ်။
ကိုးကား: BBC


















































