သြဂုတ် ၁၂၊၂၀၂၆။သုည/People’s Spring
တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၈ ရက်က ကျင်းပခဲ့တဲ့ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို NUG က ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦးကို စေလွှတ်ခဲ့ပြီး ယင်းအဖွဲ့ဝင်တွေက ၂၁.၁ ကီလိုမီတာ အကွာအဝေး မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကျန်းမာရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ဒေသတွင်း သွေးစည်းညီညွတ်မှု၊ အားကစားနဲ့ သံတမန်ရေးရာ တို့ကို မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတဲ့အတွက် ယင်းပြိုင်ပွဲကို ပါဝင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

Public Service Announcement
အမျိုးသမီး ၂ဦးနဲ့ အမျိုးသား ၁ဦး ပါဝင်တဲ့ အားကစားအဖွဲ့ဟာ ၂၁.၁ ကီလိုမီတာ (Half Marathon) ကို အောင်မြင်စွာ ပန်းဝင်နိုင်ခဲ့ကြပြီး တရားဝင်ရလဒ်တွေအရ အမျိုးသားအပြေးသမား ကိုအာသာ (Arthur) ဟာ ၁ နာရီ ၄၅ မိနစ် ၅၃ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ကာ အသက် ၄၀-၄၉ နှစ် အမျိုးသားအုပ်စုမှာ ပထမနေရာ ရရှိခဲ့ပါတယ်။
အမျိုးသမီးအပြေးသမား ၂ဦးဟာ ၁ နာရီ ၅၉ မိနစ် ၃၀ စက္ကန့် နဲ့ ၂ နာရီ ၂၉ မိနစ် ၄၅ စက္ကန့်တို့ ဖြင့် အသီးသီးပန်းဝင်ခဲ့ကြပြီး အမျိုးသမီးတန်း overall အဆင့်သတ်မှတ်ချက်မှာ အဆင့် (၁၅) နဲ့ (၃၉) ရရှိခဲ့ပါတယ်။
ပြိုင်ပွဲကို ရှစ်လေးလုံး လူထုအရေးတော်ပုံရဲ့ (၃၈) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး သြဂုတ် ၉ ရက် နံနက်မှာ တီမောလက်စ်တေ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ် ဟိုတာက မြန်မာနိုင်ငံကိုယ်စားပြု အားကစား သမား ၃ ဦးနဲ့ ၎င်းရဲ့ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
ယက်းတွေ့ဆုံမှုမှာ ဒီလီမြို့အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြန်မာနိုင်ငံ မစ်ရှင်ရုံး ဒုတိယအကြီးအကဲ ပါ၀င်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

















































