Connect with us

Hi, what are you looking for?

သတင်း

ထောက်ကူဖို့လိုနေတဲ့ ကြယ်ပန်းတွေရဲ့ကျောင်း

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

(Star flower Center မှာမသန်စွမ်း ကလေးငယ်​တွေကို ပညာသင်ကြားပေးနေစဥ်။ဓါတ်ပုံ- Star flower )

ဇွန်ပွင့် ​ရေးသားသည်။

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

အရှေ့က ကျောင်းသား ဦးဆောင်ဖတ်ပြတာကို အသံနဲ့ လိုက်ဆိုတဲ့ကျောင်းသားတွေ ရှိသလို၊ လက်ဟန် ခြေဟန်နဲ့ လိုက်လုပ်နေတဲ့ ကျောင်းသားတွေလဲ ရှိပါတယ်။ တစ်ချို့ကျောင်းသား တွေက သူတို့နဲ့ မဆိုင်သလို ကျောင်းပြတင်းပေါက်အပြင်က မြင်ကွင်းတွေ ငေးတဲ့ သူက ငေး၊ လက်ထဲက ကားရုပ်ကလေးနဲ့ ဆော့တဲ့သူကဆော့နေကြပါတယ်။

ဆရာမဖြစ်တဲ့ နော်သူးမွဲဖောကတော့ ကလေးတွေကို တစ်ယောက်ခြင်းစီ နာမည်ခေါ် ပြီး စည်းကမ်းချက်တွေ ကို အာရုံစိုက်ဖို့ သတိပေးနေပါတယ်။ ကျောင်းသားတစ်ယောက်စည်းကမ်း ချက် ဖတ်ပြီးတာနဲ့ ဆရာမ သူးမွဲဖောက နောက်ထပ်ကျောင်းသားတစ်ယောက်ကို အတန်းရှေ့ ခေါ်ပြီး စည်းကမ်းချက်တွေကို ထပ်ဖတ်ခိုင်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဆရာမသူးမွဲဖောရဲ့ စတားဖလားဝါး စင်တာ (StarFlower Center)ဟာထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရှိတာဖြစ်ပါတယ်။ရွှေ့ပြောင်းမြန်မာ မသန်စွမ်း ကလေးတွေ ကို ပညာရေးနဲ့ တစ်ခြားလိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ပေးနေတဲ့ ထိုင်းအစိုးရ အသိအမှတ်ပြုတဲ့ စင်တာတစ်ခုဖြစ်ပါတယ်။ ဆရာမသူးမွဲဖောကတော့ ကျောင်းတာဝန်ခံအဖြစ်တာဝန်ယူထားတာ ၁၁နှစ်လောက်ရှိပါပြီ။

ကျောင်းသားတွေထဲမှာ ညဏ်ရည် ဖွံဖြိုးတိုးတက်မှု နှေးတဲ့ ကျောင်းသားတွေနဲ့ စာသင်ကြားရတာ ခက်တဲ့ ကလေးတွေ ပါဝင်တာကြောင့်ကျောင်းစည်းကမ်းချက်တွေကို မနက်တိုင်း ပြန်ပြီး ဖတ်ခိုင်းနေရတာ ဖြစ်တယ်လို့ ဆရာမက ပြောပါတယ်။

စတားဖလားဝါးစင်တာ(Star Flower Center)ကို ၂၀၀၉ခုနှစ်မှာ World Education အဖွဲ့အစည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာတော့ Burmese Migrant Workers’ Education Committee (BMWEC) ရဲ့ စီမံခန့်ခွဲမှုအောက်ကို လွှဲပြောင်းခဲ့ပါတယ်။

စတားဖလားဝါး စင်တာ ဟာ ပုံမှန်အလှုရှင်မရှိတာကြောင့် လက်ရှိမှာ ရံပုံငွေ အခက်အခဲ၊ ကျောင်းလည်ပတ်စရိတ်အခက်အခဲနဲ့ ဆရာ ဆရာမတွေရဲ့ လစာငွေ အခက်အခဲ စတာတွေနဲ့ရင်ဆိုင်နေရပါတယ်။

“ကျောင်းလည်ပတ်ဖို့အတွက် တစ်နှစ်ထပ်တစ်နှစ် ပိုပြီးတော့ကျပ် ပိုပြီးတော့ ခက်ခဲလာတယ်” လို့ ဆရာမ သူးမွဲဖောက သူ့ကျောင်းရဲ့ အခြေအနေကို ရှင်းပြပါတယ်။

BMWEC (Burmese Migrant Workers’ Education Committee) ရဲ့ လက်အောက်မှာ Star Flower Center အပါအဝင် ရွှေ့ပြောင်းသင်ယူရေးစင်တာ (Migrant Learning Centers – MLCs) ၂၅ ကျောင်း ရှိပါတယ်။

BMWECဟာ ထိုင်း-မြန်မာနယ်စပ် အထူးသဖြင့် မဲဆောက်မြို့နဲ့ တာ့ခ်ခရိုင်အတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးများကို ပညာရေး ထောက်ပံ့ကူညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်း (NGO) တစ်ခု ဖြစ်ပါတယ်။

“Star flower ကျောင်းကျတော့သူကမသန်စွမ်းကျောင်း၊ တစ်ကျောင်းတည်းပဲ ရှိတာ။ဒီ ရွှေ့ပြောင်း လူ့အဖွဲ့အစည်းထဲမှာ တောင်မှ လူ သိပ်မသိသေးဘူး။ မသိသေးတော့ အလှူရှင် တွေကို ကိုယ်က ကြိုးစားပြီး ပြောပေမဲ့လည်း စိတ်ဝင်စားမှု သိပ်မဖြစ်တာရယ်၊ လူတွေ မသိတာရယ်နဲ့ကျ သူတို့က ရံပုံငွေ မရှိနေတာ ဖြစ်တယ်” လို့ BMWEC ရဲ့အစီအစဥ်ဒါရိုက်တာ(Program Director)ဆရာမလားရှီး ကပြောပါတယ်။

ရွှေ့ပြောင်းကျောင်း အများစု ရန်ပုံငွေ ခက်ခဲကြပေမဲ့ စင်တာဟာ လိုအပ်ချက်တွေ ပိုများပြီး သီးသန့် ပံ့ပိုးပေးရတာတွေ ရှိတာမို့ အလှူရှင်ရဖို့ ပိုပြီးခက်ခဲတယ်လို့ ဆရာမလားရှီးက​ပြောပါတယ်။

●အလှူရှင် မရှိဘဲလည်ပတ်နေရ

စတားဖလားဝါး စင်တာ ( StarFlower Center) စတင်ဖွင့်လှစ်ချိန်က ကျောင်းသားငါးယောက်နဲ့ စတင်ခဲ့တာပါ။အခု၂၀၂၆ပညာသင်နှစ်မှာ မသန်စွမ်းကျောင်းသား ၄၂ ယောက်လောက်ကို ပညာသင်ကြားပေးနေတယ်လို့ ဆရာမ သူးမွဲဖောက ပြောပါတယ်။

မသန်စွမ်းမှု ငါးမျိုးဖြစ်တဲ့ Cerebral Palsy(ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပွားသော ကြွက်သားနှင့်လှုပ်ရှားမှုဆိုင်ရာမသန်စွမ်းမှု) ၊ ADHD(အာရုံစူးစိုက်မှု အားနည်းပြီး လှုပ်ရှားမှု လွန်ကဲခြင်း) ၊Down syndrome(မျိုးရိုးဗီဇဆိုင်ရာ သီးခြားလက္ခဏာများဖြင့် ဖွံ့ဖြိုးမှု နှေးကွေးသော အခြေအနေ) ၊ Learning difficulty(သင်ယူမှု ခက်ခဲခြင်း ၊ စာသင်ယူရန် အခက်အခဲရှိခြင်း) နဲ့ Autism(အော်တီဇင်) စတဲ့ မသန်စွမ်းရွှေ့ပြောင်းကလေးငယ်တွေကို ပညာသင်ကြားပေးနေတာပါ။

ကျောင်းစတင်တည်ထောင်တဲ့ ၂၀၁၂ ခုနှစ်ကပြီး လက်ရှိအချိန်ထိ မသန်စွမ်းကျောင်းသားပေါင်း၁၃၀ကျော်ကိုပညာရေးနဲ့ တကွ အသက်မွေးဝမ်းကျောင်းမှုပညာအပါအဝင်တစ်ခြား လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ပေးနိုင်ခဲ့တယ် လို့ သူကဆိုပါတယ်။

ကျောင်းတည်ထောင်ခဲ့တဲ့ ၁၇နှစ်ကာလအတွင်းလက်ရှိအချိန်ကရံပုံငွေပြတ်တောက်တာ အဆိုးဆုံး အခြေအနေဖြစ်တယ်လို့ ကျောင်းတာဝန်ခံ ဖြစ်တဲ့ နော်သူးမွဲဖောကဆိုပါတယ်။

အရင်ကတော့ အလှူရှင်အဖွဲ့ အစည်းအချို့နဲ့ ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေ ရှိခဲ့ပေမယ့်လည်း ၂၀၂၄ကစလို့ ထောက်ပံ့မှု အခြေအနေတွေ တစ်ဖြေးဖြေး လျှော့ကျလာတယ်လို သူကပြောပါတယ်။

“အလှူရှင် လုံးဝ မရှိတော့တာကတော့ ဒီ ၂၀၂၄၊ ၂၀၂၅၊ ဒီ သုံးနှစ်တွေထဲမှာပေါ့နော် ဒီနှစ်က ပိုပြီးတော့ကျပ် ပိုပြီးတော့ ခက်ခဲလာတယ် လက်ရှိမှာဆို ထောက်ပံ့မှုက ဇီးရိုး ပဲ” လို့ နော်သူးမွဲဖောက ပြောပါတယ်။

လက်ရှိမှာ BMWEC လက်အောက်မှာ ရှိတဲ့ ရွှေ့ပြောင်း ကျောင်းအများစုဟာလည်း ရံပုံငွေ ပြတ်တောက်မှုနဲ့ ကြုံတွေနေရပါတယ်။

“အလှူရှင်တွေက အများအားဖြင့်ကျတော့ သူတို့က အသီးအပွင့်မြန်မြန် တွေ့ရတဲ့ဟာပေါ့နော်၊ short term တွေကိုပဲ သူတို့က အကူအညီပေးတာတွေ များတယ်။ပညာရေးကတော့ ရှေရှည်ထောက်ပံ့ရမယ်ဟာဖြစ်နေတယ်”လို့နော်လားရှီးက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်မှု လူသားချင်းစာနာမှု အထောက်အပံ့ပေးနေတဲ့ အလှူရှင် အဖွဲ့အစည်းတွေဟာ စစ်ဘေးရှောင်နဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ၊သက်မွေးဝမ်းကျောင်းသင်တန်းတွေနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာ ပိုပြီးတော့ ကူညီထောက်ပံ့ကြတာများတယ်လို့ သူကဆိုပါတယ်။

●လစာပုံမှန်မရဘဲ လုပ်ကိုင်နေရ

အလှုရှင်မရှိတဲ့ နောက်ဆက်တွဲ အနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ လစာငွေတွေကို ပုံမှန်မပေးနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေနေရတယ်လို့ နော်သူးမွဲဖောက ပြောပါတယ်။

စင်တာမှာ ဆရာ၊ ဆရာမ၊သန့်ရှင်းရေး ဝန်ထမ်းနဲ့ အလုပ်သင်အပါအဝင်ဝန်ထမ်း ၁၀ ယောက်ရှိပြီးလစာငွေကို အနည်းဆုံး ထိုင်းဘတ်ငွေ ၃,၀၀၀ ကနေ အများဆုံး ၅,၀၀၀ အထိသတ်မှတ်ထားပါတယ်။

အဲဒီလို လစာနှုန်းတွေရှိပေမယ့်လည်း ဝန်ထမ်းတွေကိုသတ်မှတ်ထားတဲ့လစာငွေနှုန်းအတိုင်း မပေးနိုင်ဘူးလို့ နော်သူးမွဲဖောကဆိုပါတယ်။

“မေလကစပြီး လစာပေးမပေးနိုင်ဘူး၊အခုချိန်ထိပဲ။နောက်လတွေလဲ မသေချာဘူး”လို့ နော်သူးမွဲဖောက လက်ရှိကြုံတွေနေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

စင်တာ မှာ ကျောင်းသားတွေကို ကျောင်းလခ တစ်လ ဘတ် ၇၀၀ နဲ့ ကျောင်းဖယ်ရီခ အဖြစ် ဘတ် ၅၀၀ စုစုပေါင်း တစ်လကိုဘတ် ၁,၂၀၀ သတ်မှတ်ထားပေမယ့်ကျောင်းသားမိဘအများစုဟာ ရွှေ့ပြောင်းလုပ်သား တွေဖြစ်ကြတာကြောင့် သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းမရတာများတယ်လို့ဆိုပါတယ်။

ကောက်ခံရရှိတဲ့ ကျောင်းလခတွေကို ရေဖိုး၊ မီတာခ၊ ကားဆီဖိုး စတဲ့ အရေးကြီးလိုအပ်တဲ့ နေရာတွေမှာ အရင်အသုံးပြုပြီး ပိုလာတဲ့ငွေကိုမှ ဆရာ၊ဆရာမတွေ မျှပြီး ယူရတဲ့ အခြေအနေလို့ နော်သူးမွဲဖောက ရှင်းပြပါတယ်။

“မဲဆောက်ရဲ့ လူနေမှုနဲ့ဆိုလို့ရှိရင် အခု ခွဲဝေနိုင်တဲ့ ပမာဏ ဆိုတာ ဘာမှမရှိဘူး။နယ်စပ်မှာ မိသားစုတွေ အလုပ်မရှိရင် ဘယ်လိုမှ အဆင်မပြေဘူး။ဆရာ ဆရာမတွေကို ကျွန်မတို့ဘက်က အပြည့်အဝ မဖြည့်ဆည်းပေးနိုင်လို့အားနာရတယ်။သူတို့တတ်နိုင်သလောက်ကူညီလုပ်ပေးတာကိုပဲ ကျေးဇူးတင်နေရတယ်” သူကပြောပါတယ်။

သင်ကြားရေး အပိုင်းမှာ တာဝန်ယူထားတဲ့ ဆရာမ နော်ဧပရယ်ဖောကတော့အလှူရှင်ရှိ တုန်းကထက်လစာတစ်ဝက်လောက် လျော့နည်းသွားပေမယ့် ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးမှာစိုးရိမ်တာကြောင့် ဒီအလုပ်ကို ဆက်လုပ် ဖြစ်နေတယ်လို့ ပြောပါတယ်။

သူဟာ အရင်တုန်းက ကျန်းမာရေး ဆရာမတစ်ယောက်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတဲ့ အချိန်မှာ CDM လုပ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မိသားစုလိုက် တိမ်းရှောင်လာတာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Star Flower Center မှာ ဆရာမ အနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာမဲဆောက်မြို့မှာရှိတဲ့ဘုရားကျောင်းတစ်ခုကဖွင့်ထားတဲ့ ဘော်ဒါဆောင်မှာ အမျိုးသားဖြစ်တဲ့ သူက အဂ်လိပ်စာသင်ပေးပြီး သူက အားတဲ့ အချိန်မှာအတန်းငယ်လေးတွေကို ကြည့်ရှု့ပေးတာ ကြောင့် ရေဖိုး၊မီးဖိုး၊ အိမ်လစာ ပေးစရာ မလိုဘဲ နေခွင့်ရတယ်လို့ သူကဆိုပါတယ်။

“လစာကလည်း တကယ့်တကယ်သာ အပြင်မှာ ထွက်နေလို့ရှိရင် လုံးဝ မလောက်နိုင်ဘူး ပေါ့နော်။ဆန်ဝယ်စားရတယ်၊ဟင်းတွေဝယ်စားရတယ်၊သားသမီးမုန့်ဖိုးဝတ်စုံဖိုးတွေ အများကြီး ရှိတယ်ပေါ့နော်။ အဲဒါနဲ့ လုံးဝဘူးပေါ့နော်” လို့ နော်ဧပရယ်ဖောက ပြောပါတယ်။

လစာငွေ မလောက်ငတဲ့ အတွက် လိုအပ်ချက်တွေ ရှိလာတဲ့အခါ မိသားစု ရပ်တည်နိုင်ရေး အတွက် မိခင်ဖြစ်သူနဲ့ ယောက္ခမဆီကနေအ ထောက်အပံ့တွေ ပြန်တောင်းရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းကနေ ပြန်လာတဲ့ အခါ ဘော်ဒါဆောင်က အလုပ်တွေကိုပါ ဆက်ပြီး လုပ်ရတဲ့ အတွက် ပိုပြီးပင်ပန်းတယ်လို့လဲ သူကပြောပါတယ်။

“တစ်ခါတစ်လေ စိတ်ဓာတ်ကျတဲ့အခါ ကျရင် စဉ်းစားမိတယ် တခြား အလုပ်ပြောင်းရင် ကောင်းမလား၊ အဲလိုမျိုး ငါ တခြား အလုပ်ပြောင်းမယ်ဆိုပြီးတော့” နော်ဧပရယ်ဖောက ဆိုပါတယ်။

ဒါပေမယ့် ကျောင်းသားတွေကို သံယောဇဥ်ရှိတာကြောင့် ဒီအလုပ်တတ်နိုင်သလောက်တော့ ဆက်ပြီးလုပ်သွားမယ်လို့သူကပြောပါတယ်။

ကျောင်းတက်နေတာ သုံးနှစ်လောက်ရှိပြီ ဖြစ်တဲ့ အော်တစ်ဇင်ကျောင်းသား တစ်ယောက်ရဲ့ မိခင်ကတော့ “ကိုယ်တောင်မှ ကိုယ့်ကလေးတစ်ယောက်တည်း ထိန်းရတာ သိပ်မလွယ်ကူတဲ့ အနေအထားမှာ ဆရာမတွေက ကလေးတွေ အများကြီးနဲ့ ပုံစံမျိုးစုံနဲ့ သူတို့ ထိန်းရတဲ့အခါကျတော့ သူတို့အတွက်လည်း သူတို့လည်း မိသားစုတွေ ရှိတဲ့အခါကျတော့ ကျွန်မကလည်း အဲ့လို သူတို့အတွက်လည်း လစာလေး ပြည့်ပြည့်ဝဝ ဖြစ်စေချင်တယ်ပေါ့နော်”လို့ဆိုပါတယ်။

ဆရာ ဆရာမတွေ အနေနဲ့ လုံလောက်တဲ့ လစာရမှ မိသားစုနဲ့ စားဝတ်နေရေးကို စိတ်ပူစရာမလိုဘဲ ကျောင်းသား ကို သေချာကြည့်ရှု့စောင့်ရှောက်နိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

●ကျောင်းဆက်ရှိနေဖို့လိုအပ်

Star Flower Center ဟာမသန်စွမ်းကလေးတွေကို လုံခြုံစိတ်ချမှုရှိရှိနဲ့ ပညာသင်ကြားနိုင်ဖို့၊ အသက်အရွယ်ရလာတဲ့ အချိန်မှာ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ဖွင့်လှစ်ခဲ့တာပါ။

စင်တာမှာ အဆင့်နှစ်ဆင့်နဲ့ ကလေးတွေကို သင်ကြားပို့ချပေးနေပါတယ်။ ပထမအဆင့် အနေနဲ့ကလေးတွေကိုလူအသိုင်းအဝိုင်းမှာ ဝင်ဆန့်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ ခန္ဓာကိုယ် သန်စွမ်းလာအောင် သင်ကြားပြုစုပေးပြီးဒုတိယ အဆင့်မှာတော့ ကလေးတွေရပ်တည်နိုင်ရေးအတွက်အသက်မွေးမှု ပညာတွေကိုသင်ကြားပေးနေပါတယ်။

ကျောင်းသားမိဘတစ်ဦးကတော့ သူ့ကလေးကို ကျောင်းပို့ပြီးတဲ့ နောက်ပိုင်းမှာ ကလေး အခြေအနေ တိုးတက် မှုတွေ ရှိလာတယ်လို့ ​ပြောပါတယ်။

“ကျောင်းမတက်ခင်တုန်းကကျတော့ အော်ဟစ်တာတို့ဘာတို့ အဲ့လိုမျိုး၊ သူ့ဟာသူ သိပ်ပြီးတော့ မထိန်းချုပ်နိုင်ဘူးလေ။ ကျောင်းထားတဲ့အခါကျတော့ သူ့ဟာသူ အချိန်လေးနဲ့သူ ပုံမှန်လေး၊မနက်ဆိုပုံမှန်လေးထ၊ ကျောင်းသွား၊ အဲ့လိုပေါ့… သူ training နဲ့သူပုံမှန်လေး လှုပ်ရှားမှု ရှိတဲ့အခါကျတော့ သူ့ ပိုပြီးတော့ သူ့အတွက် အဆင်ပြေလာတယ်”လို့ဆိုပါတယ်။

ကျောင်းသားတွေ တိုးတက်မှုတွေ ရှိတာကြောင့် ကျောင်းကို ဆက်ပြီး ရှိနေစေချင်ပြီး လုံလောက်တဲ့ ထောက်ပံ့မှုတွေ ရှိစေချင်တယ်လို့ သူကပြောပါတယ်။

လက်ရှိ မြန်မာ ရွှေ့ပြောင်းမိသားစု တွေထဲမှာ မသန်စွမ်းကလေးငယ် ပမာဏ များစွာပါဝင်လာပြီး သူတို့အတွက် ပညာသင်ကြားခွင့်ရဖို့ အထူးလိုအပ်တယ်လို BMWEC ရဲ့ ဒါရိုက်တာ နော်လားရှီးကဆိုပါတယ်။

အရင်က ဆိုရင် မသန်စွမ်းနဲ့ ပက်သက်ပြီး အသိပညာ နည်းပါးမှုကြောင့် ကလေးငယ်တွေကို ကျောင်းမပို့ဘဲ အိမ်မှာထားတာကြောင့် မိသားစုအပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်ခဲ့ပေမယ့် ကျောင်းတက်ခွင့်ရပြီးနောက်ပိုင်း ကလေးတွေဟာ ကိုယ်ကိုကိုယ် ပြန်ပြီး စောင့်ရှောက်နိုင်တဲ့ အဆင့်ကို ရောက်လာတယ်လို့ သူကဆိုပါတယ်။

ကျောင်းတက်ပြီး သင်ကြားခွင့်ရတာဟာ မိသားစုကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေတဲ့ အပြင် ကလေးတွေ လမ်းဘေးရောက်သွားမယ့် အန္တရာယ်ကနေလဲ ကာကွယ်နိုင်တာကြောင့် ကျောင်းဆက်ရှိနေပြီး ကလေးတွေ ပညာသင်ခွင့်ရဖို့က အရမ်းအရေးကြီးတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ BMWEC အနေနဲ့ Star Flower Center အတွက် လိုအပ်တဲ့ အလှူရှင်တွေ ပြန်ပြီး ရလာနိုင်ဖို့ အတွက် အသိပညာပေးတဲ့( Awareness ,Advocacy) လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီး လုပ်​နေပါတယ်။

တစ်ဖက်မှာလည်း ကျောင်းရေရှည် လည်ပတ်နိုင်ဖို့အတွက် ကျောင်းအခြေပြု စီးပွားရေးပုံစံမျိုး ဖြစ်တဲ့ Starflower ကျောင်းက ကလေးငယ်တွေရဲ့ လက်မှုပညာပစ္စည်းတွေကို ဆိုင်ဖွင့် ရောင်းချပြီး လိုအပ်တဲ့ ရန်ပုံငွေ ပြန်လည်ရှာမယ့် နည်းလမ်းတွေကို စဥ်းစားနေတယ်လို့ နော်လားရှီးက ဆိုပါတယ်။

ကျောင်းတာဝန်ခံ ဖြစ်တဲ့ နော်သူးမွဲဖောကတော့ “ မသန်စွမ်းကလေးတွေရဲ့ အနာဂတ်တစ်ခုကို ဒီထက်ပိုပြီးတော့ တိုးတက်စေချင်တယ်။ မသန်ပေမဲ့လည်း သူတို့မှာ စွမ်းရည်အများကြီး ရှိတာလေနော်။ ဆိုတဲ့အခါကျတော့ ဒီ သူတို့ဘဝကို ဒီအတိုင်းပဲ မပြီးဆုံးစေချင်ဘူး။ ဒီကျောင်းကိုတော့ မပိတ်စေချင်ဘူး”ဖွင့်ဟလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။