Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျယ်ဂျူကျွန်း လူပျောက်မှု အရှုပ်တော်ပုံကြောင့် ရဲတပ်ဖွဲ့မှာ တာဝန်သိမှု ပိုရှိဖို့ တောင်ကိုရီးယား သမ္မတ တောင်းဆို

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

ဂျယ်ဂျူကျွန်းမှာ ရဲအရာရှိ တစ်ဦးက လူပျောက်မှုတွေကို ပေါ့ပေါ့လျော့လျော့ ကိုင်တွယ်ပြီး တိုင်ကြားသူ ဆန္ဒမပါဘဲ အမှုတွေ ပိတ်သိမ်းခဲ့တာ၊ နောက်ပိုင်းမှာ ပျောက်ဆုံးနေသူတွေရဲ့ အလောင်းတွေကို ရှာတွေ့လာတာတွေကြောင့် လူထုရဲ့ ဒေါသထွက်မှု မြင့်တက်နေချိန်မှာ သမ္မတ လီဂျေမြောင်က အခုလို ပြောကြားခဲ့တာပါ။

ရဲတပ်ဖွဲ့ ဆိုတာက အစိုးရ စနစ်ထဲမှာ လုပ်ပိုင်ခွင့် အကြီးဆုံး အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ အဲဒီ လုပ်ပိုင်ခွင့် အာဏာနဲ့ လိုက်လျောညီထွေရှိတဲ့ တာဝန်သိမှုမျိုးလည်း ရှိနေဖို့လိုကြောင်း ဩဂုတ် ၂၅ ရက်နေ့မှာ သမ္မတက လွှတ်တော် အမတ်တွေကို ပြောကြားခဲ့ပါတယ်။ ဂျယ်ဂျူကျွန်း အရှုပ်တော်ပုံ အပြီးမှာတော့ ပြည်သူတွေကလည်း ရဲတွေမှာ အဲဒီလို တာဝန်ယူမှုမျိုး ရှိသလား ဆိုတာကို စတင် မေးခွန်းထုတ်လာနေကြောင်း သမ္မတက ဆက်ပြောပါတယ်။

ဂျယ်ဂျူမှာ လူပျောက်တိုင်ထားဖူးတဲ့ လူ ၄ ဦးကို မကြာသေးခင်က ၃ ရက်အတွင်း ရှေ့ဆင့်နောက်ဆင့် ရှာတွေ့ခဲ့ပါတယ်။ သေဆုံးမှု ဖြစ်စဉ်တွေက ဆက်စပ်မှု မရှိပေမယ့် အဲဒီထဲက အနည်းဆုံး ၂ ဦးအတွက် မိသားစုက လူပျောက်တိုင်တာကို ရဲအရာရှိ တစ်ဦးတည်းက အမှုပိတ်သိမ်းခဲ့ဖူးကြောင်း စစ်ဆေး တွေ့ရှိလာပါတယ်။ မိသားစုဖက်က သေချာ သဘောတူတာ မဟုတ်သလို ပျောက်ဆုံးနေသူတွေ ဘေးကင်းလုံခြုံတယ် ဆိုတာလည်း မသေချာဘဲနဲ့ အဲဒီရဲအရာရှိက လိမ်ညာပြောဆိုပြီး အမှုတွေ ပိတ်သိမ်းစေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ သက်ဆိုင်ရာ ရဲအရာရှိကို စည်းမျဉ်းပိုင်းဆိုင်ရာ ကိုင်တွယ် အရေးယူဖို့ စတင် လုပ်ဆောင်နေပြီး သူတာဝန်ယူခဲ့ဖူးတဲ့ လူပျောက်မှု ၂၉၈ ခုစလုံးကို ရဲတွေက ပြန်လည် စစ်ဆေးနေပါတယ်။ အဲဒီထဲက အနည်းဆုံး ၁၀ ခုဟာ မသင့်မတော် အခြေအနေမျိုးနဲ့ အမှုပိတ်တာ ခံခဲ့ရတယ်လို့လည်း ရဲတပ်ဖွဲ့က သံသယ ရှိနေပါတယ်။

တောင်ကိုရီးယားမှာ လူပြောများနေတဲ့ အမှုတစ်ခုကတော့ အသက် ၃၇ နှစ်အရွယ် ဂျန်မီရန်ဆိုတဲ့ အမျိုးသမီး သေဆုံးမှု ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီး ပျောက်ဆုံးနေတာကို မေလမှာ ချစ်သူ အမျိုးသားက လူပျောက် တိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အမှုဖွင့်ပေးတဲ့ ရဲအရာရှိက ၂ နာရီခွဲ အကြာမှာပဲ အမှုကို ပြန်ပိတ်ခဲ့ပါတယ်။ သူက မီရန်နဲ့ အဆက်အသွယ် ရကြောင်း၊ ဘေးကင်း လုံခြုံနေကြောင်း၊ သူရှိနေတဲ့ နေရာကို ချစ်သူဆီ မပြောဖို့ တောင်းဆိုခဲ့ကြောင်း မိသားစုကို လိမ်လည် အသိပေးခဲ့ပါတယ်။ နောက်ထပ် ၁၀၄ ရက် အကြာမှာတော့ စိုက်ခင်းတစ်ခုနားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ယူဆရတဲ့ အမျိုးသမီးရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီ ရဲအရာရှိဟာ အမှုပိတ်သိမ်းကြောင်း အထက်ကို အစီရင်ခံရာမှာလည်း အမျိုးသမီးနဲ့ အဆက်အသွယ် ရခဲ့ပါတယ်လို့ လိမ်လည်ရေးသားထားပါသေးတယ်။

ဩဂုတ် ၂၅ ရက်နေ့မှာတော့ ဂျယ်ဂျူကျွန်းက တရားရုံးတစ်ခုရဲ့ အမိန့်အရ ရဲတပ်ဖွဲ့ဟာ အဲဒီအရာရှိကို ဝတ္တရား ပျက်ကွက်မှု၊ တာဝန်ထမ်းဆောင်ရာမှာ လိမ်လည်မှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီရဲကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူဟာ တကယ်ပဲ ပျောက်ဆုံးသူတွေနဲ့ အဆက်အသွယ်ရလို့ အမှုပိတ်ခဲ့တာလို့ ပြောပါတယ်။

ယာယီ ရဲမင်းကြီး ယွန်ဂျေဆွန်းကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ကိုယ်စား ဝန်ချ တောင်းပန်ခဲ့ပြီး အလားတူ အခြေအနေတွေ ထပ်မကြုံအောင် စည်းမျဉ်းတွေ တင်းကျပ်သွားမယ်လို့ မီဒီယာတွေကို ကတိပေးခဲ့ပါတယ်။

တောင်ကိုရီးယား ရဲတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ်အတွင်း အရွယ်ရောက်ပြီးသူတွေ ပျောက်ဆုံးမှု တိုင်ချက်ပေါင်း ၇၀၈၁၄ ခုကို ရရှိခဲ့ပါတယ်။ ၂၀၂၂ ကစလို့ အဲဒီကိန်းဂဏန်းဟာ နှစ်စဉ် ၇၀၀၀၀ အထက်မှာ ရှိခဲ့ပြီး အများစုကိုတော့ တိုင်ချက်ဖွင့်ပြီး ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းနိုင်လေ့ ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား အရေးနဲ့ ပတ်သက်ရင် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်လက် ပူးပေါင်းပြီး ကိုင်တွယ်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက တာတို ပဲ့ထိန်းဒုံးကျည် ၁၀ စင်းထက်မနည်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့တဲ့နောက် တောင်ကိုရီးယား-အမေရိကန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို အတိုင်းအတာ ပမာဏ အရရော၊ အချိန်ကြာမြင့်မှု အရပါ လျှော့ချပစ်ခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။