Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့နယ်တောင်ပိုင်းမှာ AA နဲ့ ARSA တို့ တိုက်ပွဲဖြစ်

ARSAအဖွဲ့ဝင်အချို့ကိုဖမ်းမိ၊စစ်တပ်နဲ့ ARSA ပူး​ပေါင်းလှုပ်ရှားမှုအချို့ရှိ​နေ

(မောင်တောမြို့မှာသြဂုတ်လအတွင်း ကင်းလှည့်နေခဲ့တဲ့AA တပ်ဖွဲ့၀င်တွေ။ဓါတ်ပုံ-APM)

ဩဂုတ်-၃၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကမ်းခြေအနီး မယူတောင်တန်းပေါ်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့(ARSA)နဲ့ အာရက္ခတပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေပြီး ARSA တပ်ဖွဲ့ဝင်အချို့ကို အရှင် ဖမ်းဆီးရမိထားတယ်လို့ AA သတင်းရင်းမြစ်တွေကပြောပါတယ်။

ဩဂုတ်၂၉ ရက်နေ့ကနေစပြီးမောင်တောမြို့နယ်တောင်ပိုင်း ဂြင်းတောချောင်း၀ရွာအနီးဝန်းကျင်မှာ တိုက်ပွဲစဖြစ်နေခဲ့တာဖြစ်ကာ ဒီနေ့ (သြဂုတ် ၃၁)ထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

“ARSA တွေကတော့ ဒီလိုပဲ ဝင်လာနေကြတာ။အဲဒါကိုသတင်းရလို့လိုက်ရှင်းနေတာကြာပြီ။ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်ကြတာ။ ဒီဘက်တဝိုက်ရွာတွေ၊ တောတွေမှာလည်း အများကြီးကျန်နေအုံးမယ်။ အဲဒါကို ရှင်းလင်းရေးတွေထပ်လုပ်နေရသေးတယ်”လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ARSA တပ်ဖွဲ့ဝင် တစ်ဆယ်ဦးဝန်းကျင်ကိုသေနတ်၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ အခုတိုက်ပွဲဖြစ်တဲ့ နေရာအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အ စောပိုင်းတုန်းကလည်း ARSA အဖွဲ့ လှုပ်ရှားမှုတွေရှိခဲ့ပြီးAAနဲ့တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တော၊ ဘူးသီးတောင်မြို့နယ်အတွင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှုတွေရှိနေပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်မှာ AA နဲ့ တိုက်ပွဲတွေ မကြာခဏ ရှိနေခဲ့တာဖြစ်ကာ အခုအခါ မြို့နယ်တောင်ပိုင်းမှာပါတိုက်ပွဲတွေရှိလာတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ဖြစ်တဲ့မောင်တော၊ ဘူးသီတောင်မြို့နယ်အတွင်းကဒေသတွေအပြင် ရခိုင်ပြည်နယ်အ လယ်ပိုင်းဒေသတွေမှာပါ ARSA တပ်ဖွဲ့ဝင်တွေ စိမ့်ဝင်လှုပ်ရှားမှုရှိနေတယ်လို့လည်း သိရပါတယ်။

“အခုနောက်ပိုင်း ဒီဘက်က မူဆလင်ရွာတွေမှာပါ ARSA တွေ ရောက်နေတာရှိလာတယ်။ သတင်းပေးတွေရှိလို့ သွားစစ်ကြည့်တဲ့အခါ ဖမ်းရတာ။စစ်ကောင်စီကိုယ်တိုင်ကARSA တွေနဲ့ ပူးပေါင်းပါဝင်နေတာတွေ့ရတယ်”လို့ ရခိုင်ပြည်အလယ်ပိုင်း၊မြို့နယ်တခုမှအုပ်ချုပ်ရေးဝန်ထမ်းတဦးက ပြောပါတယ်။

မောင်တောခရိုင်အတွင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အတွက်ကြောင့် ညဘက်အပြင်မထွက်ကြဖို့ အာရက္ခတပ် တော်(AA)က ညမထွက်ရအမိန့်တရပ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့မောင်တောခရိုင်မောင်တော၊ဘူးသီးတောင်မြို့နယ်တို့အတွင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေလှုပ်ရှားမှုရှိနေပြီးAA တပ်ဖွဲ့ဝင်တွေနဲ့ စျေးရောင်း၊ ဟင်းခူး၊ ထင်းရှာစသဖြင့် သွား လာနေကြတဲ့အရပ်သားပြည်သူတွေကို တိုက်ခိုက်၊ ပြန်ပေးဆွဲတာတွေ မကြာခဏ ရှိနေတာပါ။

အဲဒီလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့အရပ်သားဟာလည်း ဆယ်ချီရှိနေပါ တယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခု စက်တင်ဘာလအတွင်းက ARSA အဖွဲ့ကသတ်ဖြတ်ထားခဲ့တဲ့အလောင်း ၆ လောင်းကို AA က တွေ့ခဲ့ရပြီး သတ်ဖြတ်ခံရသူတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်း ဒုံးညို၊ တမန်းသားနဲ့ အနီးဝန်းကျင်ကျေး ရွာတွေက ဖြစ်ကြပါတယ်။

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ နယ်စပ်တလျှောက် ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေတာဖြစ်ပြီး AA တပ် စခန်းတွေကိုလည်း အဝေးမှ လာရောက်ချုံခိုတိုက်ခိုက်မှုတွေ မကြာခဏရှိနေကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြား စောင့်တပ် (BGB)တပ်စခန်းအနီးဝန်းကျင်တွေမှာ အခြေစိုက်စခန်းချနေကြတယ်လို့ AA က ဆိုထားပါတယ်။

မောင်တောခရိုင်အတွင်းမှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အပြင် ရိုဟင်ဂျာစည်းလုံးညီ ညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်မတော် (ARA) စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားမှု ရှိနေပြီး မောင်တောခရိုင်တခုလုံးကို သိမ်းပိုက်ထားတဲ့ AA အတွက် အာဏာသိမ်းစစ်တပ်မရှိတော့ပေမယ့်လည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရသေးတာပါ။

အဲဒီရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို ပြီးခဲ့တဲ့ ရခိုင်ဒေသမြို့သိမ်းတိုက်ပွဲတွေမတိုင်ခင် ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်တွေထဲမှာစစ်တပ်က စစ်သင်တန်းပေး၊ လက်နက်ထောက်ပံ့တာတွေ ရှိခဲ့ပြီး AA နဲ့ ဖြစ်တဲ့ တိုက်ပွဲ အချို့မှာလည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပါ ဝင်ခဲ့ကြတယ်လို့ AA နဲ့ ဒေသခံတွေက ပြောထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းရွှေသောင်ယံမြို့နယ်ထဲကို ၂၀၂၅ ဇန်နဝါရီလနောက်ပိုင်း စစ်တပ်က စစ်သင်္ဘောနဲ့စစ်ကားအများအပြား ပို့​ဆောင်အင်အားဖြည့်တင်းပြီးစစ်ပြင်နေပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်သို့သယ်ဆောင်ရောင်းဝယ်မယ့်ကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဟာ အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ဟာ ယုတ္တိမရှိတဲ့ စွပ်စွဲချက်သာဖြစ်ပြီးAAနဲ့ဆက်စပ်မှုမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

သတင်း

တိုက်ပွဲ​တွေပြင်းထန်နေပြီး ​တောင်​မော်ဦး​ရေတပ်နဲ့ပိုနီးလား