ကိုဗလ ရေးသားသည်။
ဇွတ်သမ္မတတဖြစ်လဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရသည် ကုလသမဂ္ဂနှင့် အာဆီယံစင်မြင့်ထက်တွင် နေရာမရဘဲ သံတမန်ရေးအရ အထီးကျန်နေချိန်တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO)ကိုသံတမန်ရေး အသက်ရှူပေါက်နှင့်နိုင်ငံတကာတရားဝင်မှု (Legitimacy)ရရှိရေးအတွက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ဖို့ ကြိုးစားနေပါသည်။
ထိုသို့ကြိုးစားနေသည်မှာယခုမှ မဟုတ်ပါ။ ပြီးခဲ့သည့် ၂၀၂၂ ခု အာဏာသိမ်းပြီး ဒုတိယနှစ်ကတည်းက ဖြစ်ပါသည်။အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား နှင့် အိန္ဒိယတို့၏ ထောက်ခံအားပေးမှုဖြင့် SCO အဖွဲ့ဝင်ဖြစ်ရေး ကြိုးစားခဲ့ရာ ၂၀၂၃ ခုတွင် မြန်မာနိုင်ငံသည် SCO ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်လာခဲ့ပါသည်။ယခုအချိန်ထိတော့ အဖွဲ့ဝင်နိုင်ငံမဖြစ်သေးချေ။ ဖြစ်လာဖို့ရာ အလားအလာများရှိနေပါသည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်(၂၀၂၅) က ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization-SCO)ထိပ်သီးအစည်းအဝေးသို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပါသည်။

Public Service Announcement
မင်းအောင်လှိုင်ဦးဆောင်သည့်အစိုးရသည် အဖွဲ့ဝင်ဖြစ်ဖို့ အသည်းအသန်ကြိုးစားနေသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization – SCO)ဆိုသည်မှာဘာပါလဲ။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization – SCO) ဆိုသည်မှာ တရုတ်နှင့် ရုရှားတို့ ဦးဆောင်ပြီး ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သောယူရေးရှား (Eurasia)ဒေသဆိုင်ရာ နိုင်ငံတကာ နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီး ဖြစ်သည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် တရုတ်နိုင်ငံနှင့် ဆိုဗီယက်ဟောင်း ဗဟိုအာရှသမ္မတနိုင်ငံများအကြား နယ်စပ်လုံခြုံရေးနှင့် တပ်ဖွဲ့များအပြန်အလှန်လျှော့ချရေးအတွက် ၁၉၉၆ ခုနှစ်တွင် ရှန်ဟိုင်းငါးနိုင်ငံအဖွဲ့(Shanghai Five) အဖြစ် စတင်ပေါ်ပေါက်လာခဲ့သည်။
၂၀၀၁ခုနှစ်တွင်ဥဇဘက်ကစ္စတန်နိုင်ငံပါဝင်လာပြီးနောက်အဖွဲ့အမည်ကို”ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)” ဟုတရားဝင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် SCO သည် အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ (Observers) နှင့် ဆွေးနွေးဖက်မိတ်ဖက်များ (Dialogue Partners) ဟူ၍ အဆင့်သုံးဆင့်ဖြင့် ဖွဲ့စည်းထားသည်။
SCOတွင်တင်းပြည့်အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန် နှင့် မကြာသေးမီက အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာသော ဘယ်လာရုစ် နိုင်ငံတို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံသည်၂၀၂၃ ခုတွင်ဆွေးနွေးဖက်နိုင်ငံများ (Dialogue Partners) အဆင့်သို့ ရောက်ရှိလာခဲ့ပြီး၊ ကမ္ဘောဒီးယား၊ နီပေါ၊ သီရိလင်္ကာ၊တူရကီ၊အဇာဘိုင်ဂျန်၊အာမေးနီးယား စသည့်နိုင်ငံများလည်း ဆွေးနွေးဖက်နိုင်ငံများ ဖြစ်ကြသည်။
SCOသည်လုံခြုံရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်း သံတမန်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးများကို အာရုံထား လုပ်ဆောင်ပါသည်။
SCO ၏ မူလအဓိက ရည်မှန်းချက်မှာ ဒေသတွင်း လုံခြုံရေးဖြစ်သည်။အဖွဲ့ဝင်နိုင်ငံများအတွင်းအစွန်းရောက်ဝါဒ (Extremism)၊ ခွဲထွက်ရေးဝါဒ (Separatism)နှင့်အကြမ်းဖက်ဝါဒ (Terrorism) တို့ကို တိုက်ဖျက်ရန် Tashkent မြို့တွင် ဒေသန္တရ အကြမ်းဖက်မှု တိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (RATS) ကို ထူထောင်ထားသည်။
စွမ်းအင်လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးကွန်ရက်များ ချိတ်ဆက်ခြင်း (ဥပမာ- တရုတ်၏ Belt and Road Initiative စီမံကိန်းများနှင့် ချိတ်ဆက်မှုများ)နှင့်ကုန်သွယ်ရေးပမာဏ တိုးမြှင့်ခြင်းတို့ကို အဓိကဆောင်ရွက်သည်။
အနောက်နိုင်ငံများ၏ အနောက်တိုင်းဆန်သော အုပ်ချုပ်ရေးစံနှုန်းများကို ဆန့်ကျင်ပြီး အပြန်အလှန်လေးစားမှု၊ပြည်တွင်းရေးမစွက်ဖက်ရေးဟူသောမူဝါဒများကိုအခြေခံကာ သံတမန်ရေးအရပူးပေါင်းဆောင်ရွက်ကြသည်။
SCO ဝင်နိုင်ငံများသည် ကမ္ဘာ့မြေမျက်နှာပြင် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ပြီး ကမ္ဘာ့လူဦးရေ၏ ၄၂ ရာခိုင်နှုန်းကျော် (၃.၅ ဘီလီယံခန့်) ကို ကိုယ်စားပြုနေသဖြင့် ပထဝီဝင်နယ်မြေ အကျယ်အဝန်းနှင့် လူဦးရေအရကမ္ဘာပေါ်တွင်အကြီးဆုံးဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံပါဝင်သည့် အာဆီယံအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံ ရှိသော်လည်း လူဦးရေစုစုပေါင်းသည် သန်း ၇၀၀ ခန့်သာ ရှိပါသည်။ကွာခြားချက်မှာ ၅ ဆ ခန့် ရှိသည်။
G7 ကဲ့သို့သော အနောက်နိုင်ငံများ၏ကမ္ဘာ့လွှမ်းမိုးမှုကို SCOအဖွဲ့ကလူဦးရေနှင့် စီးပွားရေးအရစိန်ခေါ်လာသလို၊ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများကို ခံနေရသည့် ရုရှား၊ အီရန် နှင့် တရုတ်တို့ကလည်း အနောက်နိုင်ငံများကို မှီခိုစရာမလိုဘဲကုန်သွယ်မှုပြုရန်နှင့် သံတမန်ရေးရာ အကျပ်အတည်းများကို ကျော်လွှားရန် ရည်ရွယ်၍ ဤ SCO အဖွဲ့ကို စင်မြင့်တစ်ခုအဖြစ် အသုံးချနေကြသည်။
သို့သော်အဖွဲ့ဝင်နိုင်ငံအချို့အချင်းချင်း (ဥပမာ- အိန္ဒိယနှင့် ပါကစ္စတန်၊ တရုတ်နှင့် အိန္ဒိယ)နယ်စပ်ရေးရာနှင့်မဟာဗျူဟာမြောက်တင်းမာမှုများ ရှိနေခြင်းကြောင့် ယူရိုဇုန်ကဲ့သို့ တစ်သားတည်းဖြစ်သော စီးပွားရေးစနစ်သို့မဟုတ်နေတိုး (NATO)ကဲ့သို့ ခိုင်မာသော စစ်ရေးမဟာမိတ်အဖြစ် အပြည့်အဝမရပ်တည်နိုင်သေးဘဲ အကန့်အသတ်များရှိနေသေးသည်။
မြန်မာ့အရေးတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်မှာ ထိရောက်မှု အားနည်းနေချိန်၌ SCO နောက်ခံရှိသည့် တရုတ်နှင့် ရုရှားတို့၏ ဖိအားနှင့်လွှမ်းမိုးမှုသည်ပိုမိုအရေးပါလာသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းနယ်စပ်တည်ငြိမ်ရေးနှင့် ၎င်း၏ စီးပွားရေးစင်္ကြံ (CMEC) လုံခြုံရေးအတွက် စစ်ကောင်စီနှင့် ကိုင်တွယ်ဆောင်ရွက်ရာတွင် SCO ကဲ့သို့သော ဘက်စုံစင်မြင့်များကို အသုံးချတတ်သည်။
သို့ရာတွင်တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း ဆက်ဆံရေးရှိနေသဖြင့် SCO က မြန်မာ၏ ပြည်တွင်းစစ်အရေးကို အကြွင်းမဲ့ ထောက်ခံကူညီပေးမည့်အခြေအနေမရှိဘဲ၎င်းတို့၏အမျိုးသားအကျိုးစီးပွား (နယ်စပ်တည်ငြိမ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုလုံခြုံရေး) ကိုသာ ဦးတည်နေမည် ဖြစ်သည်။
ပြည်တွင်းစစ်ဒဏ်ကိုအပြင်းအထန်ခံစားနေရချိန်တွင် SCO ကဲ့သို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းမှုသည် တရားမဝင်စစ်အာဏာသိမ်းမှုကို သက်တမ်းရှည်စေမည့် လုပ်ရပ်တစ်ခုအဖြစ်သာ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကသုံးသပ်ကြသည်။


















































