မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
လေကြောင်း မတော်တဆမှု စုံစမ်းရေး ဗျူရို (AAIB)ရဲ့ ကယ်ဆယ်ရေးနဲ့ လူနာတင် ရဟတ်ယာဉ်ဟာ စက်တင်ဘာ ၈ ရက်နေ့က ဆာရာဝက်ခ်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လောင်လယ်လန်း ဧရိယာနားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ရဟတ်ယာဉ်ဟာ မီရီမြို့ဆီ ဦးတည်ပျံသန်းနေရင်း ပျက်ကျသွားပြီး မီးစွဲလောင်သွားခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့် အရာရှိတွေဟာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ မီရီကို ရောက်ရှိလာခဲ့ပါတယ်။
AAIBရဲ့ ရဟတ်ယာဉ် ပျက်ကျပြီးတဲ့နောက် မကြာခင်မှာပဲ ပျက်ကျတဲ့ နေရာကို ရှာတွေ့ခဲ့ကြောင်း၊ အဲဒီ ဧရိယာ တဝိုက်ကို ပိတ်ထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုနဲ့ ရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ဒေသဆိုင်ရာ အာဏာပိုင် အရာရှိ တစ်ဦးက ပြောပါတယ်။

Public Service Announcement
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယို တစ်ခုမှာတော့ ရဟတ်ယာဉ်ဟာ ပျက်မကျခင် ပျံသန်းနေချိန် ကတည်းက ပင်မ ဒလက်ကြီးနားမှာ မီးစွဲလောင်ပြီး မီးခိုးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။
သေဆုံးသူတွေကတော့ လေယာဉ်မှူး၊ ဆေးဖက်ဆိုင်ရာ အရာရှိ၊ သူ့ရဲ့လက်ထောက်နဲ့ သူနာပြုနှစ်ယောက်တို့ ဖြစ်ပါတယ်။ AAIBရဲ့ Flying Doctor ဝန်ဆောင်မှုမှာ ပါဝင်တဲ့ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကလည်း အတည်ပြုပါတယ်။ Flying Doctor ဝန်ဆောင်မှု ဆိုတာဟာ လေကြောင်းကနေ ပို့ဆောင်ချိန်မှာ လူနာတွေကို အရေးပေါ် စောင့်ရှောက်မှု ပေးနေတဲ့ စနစ်ကို ဆိုလိုပါတယ်။
မီရီလေဆိပ်ရဲ့ မီးသတ်နဲ့ ကယ်ဆယ်ရေး ဌာနရဲ့ အဆိုအရ ရဟတ်ယာဉ်ဟာ လောင်လယ်လန်က လေယာဉ်ကွင်း တစ်ခုနားမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ ကျန်းမာရေး ဝန်ကြီး ဒဇူလ်ကက်ဖ်လီ အာမက်က တာဝန်ချိန်အတွင်း ကျန်းမာရေး ဝန်ထမ်းတွေ သေဆုံးခဲ့တာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းနေပါတယ်။ ဒါ့အပြင် မီးလောင်ပြင်ကနေ ပြန်ရလာတဲ့ အလောင်းတွေကို DNA ခွဲခြားစစ်ဆေးပြီး မိသားစုဆီ လွှဲပြောင်းပေးဖို့လည်း စီစဉ်နေကြောင်း သိရပါတယ်။
ကိုးကား: CNA

















































