ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က ပိုလန်နဲ့ နယ်စပ်နားမှာရှိတဲ့ ယူကရိန်းပိုင် ယာဟိုဒင်း ဒေသမှာ ရထားတစ်စီးရဲ့ စက်ခေါင်းကို ရုရှားဒရုန်းက ထိမှန်ခဲ့တာဖြစ်ပြီး ထိခိုက်သေကြေမှုတော့ မရှိခဲ့ပါဘူး။ ရထားစီး ခရီးသည် အားလုံးကိုလည်း ဘေးကင်းကင်းနဲ့ ကြိုတင် ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
ရထားတိုက်ခိုက်ခံရမှု မတိုင်ခင်လေးမှာတင် ဂျွန်ဆန်နဲ့အဖွဲ့ဟာ တခြားရထားတစ်စီးနဲ့ နယ်စပ်ကိုဖြတ်ပြီး ပိုလန်ပိုင်နက်ထဲ ဝင်ရောက်သွားခဲ့ကြတာပါ။ သူတို့ဟာ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာ ညီလာခံတစ်ခု တက်ရောက်ပြီး ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံ၊ အနောက်ပိုင်းမှာရှိတဲ့ ရထားပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံ တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပေမယ့် ယူကရိန်း အစိုးရပိုင် ရထားကုမ္ပဏီ Ukrzaliznytsiaကတော့ တကယ့်ပစ်မှတ်ဟာ သံတမန်အဖွဲ့ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
ရုရှားတိုက်ခိုက်မှုတွေက အချိန်ပြည့် ခြိမ်းခြောက်နေတာကြောင့် ဥရောပ အရာရှိတွေပါတဲ့ ရထားဟာ မူလသတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားရဲ့ ဂျက်အင်ဂျင်တပ် ဒရုန်းတစ်စီးက ဝင်မတိုက်ခင် ရထားပေါ်မှာ ရှိနေသူတွေကို ၁၅ မိနစ်အတွင်း အရေးပေါ် ပြောင်းရွှေ့ပေးခဲ့တယ်လို့လည်း ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲဟောင်း ဒေးဗစ် ပီထရော့စ်ဟာ တိုက်ခိုက်မှု ဖြစ်တဲ့အချိန် ယာဟိုဒင်း ဘူတာရုံက နောက်ထပ် ရထားတစ်စီးပေါ်မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းအန္တရာယ် ကြိုတင် သတိပေးမှုကြောင့် ခရီးသည်တွေကို ရွှေ့ပြောင်းနိုင်ခဲ့တဲ့အတွက် ဒဏ်ရာရသူ မရှိခဲ့ပေမယ့် ရထားစက်ခေါင်းရော၊ အနီးမှာရှိတဲ့ ဓာတ်ဆီဆိုင် တစ်ခုပါ မီးလောင်ခဲ့ပါတယ်။
တိုက်ခိုက်မှု ဖြစ်ပွားတဲ့ နေရာဟာ ပိုလန်နိုင်ငံ ပိုင်နက်နဲ့ ၂ ကီလိုမီတာလောက်သာ ကွာဝေးတယ်လို့ ယူကရိန်းရော၊ ပိုလန် အာဏာပိုင်တွေကပါ အသီးသီး အတည်ပြုထားပါတယ်။
ဥရောပ ကိုယ်စားလှယ် အဖွဲ့ထဲမှာ ပါဝင်ခဲ့သူ ဆွီဒင် ဝန်ကြီးချုပ်ဟောင်း ကားလ်ဘိုင်းလ်ဒ်က သူတို့ရဲ့ ရထားဟာ ဘူတာမှာ ရှိနေတုန်းမှာ လိုအပ်လာရင် အရေးပေါ် ရွှေ့ပြောင်းနိုင်အောင် ပြင်ဆင်ထားဖို့ သတိပေးမှုကို လက်ခံရရှိခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီနောက်မှာ အမြန်ထွက်ခွာပြီး နယ်စပ်ကို ဖြတ်ကျော်ဖို့ ညွှန်ကြားချက်ကို ရရှိခဲ့ကြောင်း ပြောပါတယ်။
ဂျွန်ဆန်ကတော့ ပိုလန်နဲ့ နယ်စပ်နားက ဘူတာမှာ ရပ်ထားတဲ့ ရထားတစ်စီးကို တိုက်ခိုက်ပြီး ဖောက်ခွဲပစ်တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ အတွေးအခေါ်ကို ဘယ်လိုမှ နားမလည်နိုင်တော့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုမျိုးဟာ ကြုံရာကျပန်းဆန်ပြီး အဓိပ္ပါယ်လည်း မရှိကြောင်း၊ ယူကရိန်းဟာ ဒီလိုတိုက်ခိုက်မှုမျိုးတွေနဲ့ နေ့စဉ် ရင်ဆိုင် ရုန်းကန်နေရကြောင်း ဂျွန်ဆန်က ထောက်ပြခဲ့ပြီး ဥရောပ မဟာမိတ်တွေ အနေနဲ့ ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေး ခဲယမ်းမီးကျောက်တွေ ပိုမိုထောက်ပံ့ပေးကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက ပိုလန်နဲ့ နယ်စပ်နားက ရုရှားရဲ့ တိုက်ခိုက်မှုဟာ ရိုင်းစိုင်း ကြမ်းကြုတ်လွန်းတဲ့အပြင် ဥရောပ သမဂ္ဂ (EU)နဲ့ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နယ်စပ်ကို တမင်ထိပါးမှုလည်း ဖြစ်လာကြောင်း ပြောပါတယ်။ သူက ရုရှားအစိုးရအပေါ် အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်ပေးဖို့လည်း တောင်းဆိုသွားပါတယ်။
ပိုလန်မှာတော့ ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်ခ်ဟာ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အရေးပေါ် လုံခြုံရေး အစည်းအဝေး တစ်ရပ်ကို ခေါ်ယူခဲ့ပါတယ်။ ရုရှားဖက်က ရန်စတဲ့ လုပ်ရပ်တွေဟာ အခုဆိုရင် ပိုလန်နယ်စပ်နဲ့ အမှန်တကယ် ပိုပြီး နီးကပ်လာနေပြီလို့ တက်စ်ခ်က ဆိုပါတယ်။ ပိုလန်ဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဟာ ယူကရိန်း ပိုင်နက်ထဲမှာရှိတဲ့ ရထားတွေ၊ ရထားသံလမ်းတွေ၊ ကုန်လှောင်ရုံတွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ နယ်ခြားဂိတ်တွေကို တိုက်ခိုက်မှုတွေ ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာနေကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC


















































