စက်တင်ဘာ -၂၂၊၂၀၂၆။ဇော်၀င်း/People’s Spring
ဆောက်လုပ်ရေးသုံးပစ္စည်းတွေဈေးတဟုန်ထိုးတက်လာတာ ၊လုပ်သားရှားပါးလာတာစတဲ့ပြသာနာတွေကြောင့်ရန်ကုန်မြို့ကဆောက်လုပ်ရေးကုမ္ပဏီတချို့ဖျက်သိမ်းနေသလို ၊ ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေငွေသွင်းပြီးပေမယ့် အခန်းမရတာ၊ငွေထပ်မံတောင်းခံတာ စတဲ့ပြသာနာတွေဖြစ်ပေါ်နေပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က သွင်းကုန်ပါမစ်ပိတ်ဆို့မှုကြောင့်ဈေးအဆမတန်မြင့်တက်မှုနဲ့ ငွေကြေးဖောင်းပွမှုကတဆင့် နှစ်အလိုက်ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့်ဆောက်လုပ်ရေးလောက အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုမ္ပဏီပိုင်ရှင် တချို့ကဆိုပါတယ်။
“အိမ်ဆောက်ပစ္စည်းရဲ့အခြေခံဖြစ်တဲ့ သံချောင်းတွေသွင်းခွင့်မရတော့ဘူး။အရင် တစ်တန် ၁၆ သိန်းက အခု သိန်း ၆၀ ဖြစ်နေတယ်။ဒါကြောင့် အခုလိုအချိန်မှ သွင်းကုန်ပါမစ်တွေ ခက်ခဲတာ နဲ့ ဈေးကွက်မှာပစ္စည်းတွေ၀ယ်မရတာ၊ရှားပါးတာ ကြုံနေရတယ်။အဲဒီပြဿနာတွေအပြင် လုပ်သားအင်အားထုရှားပါးနေတာကလည်း ဆောက်လုပ်ရေးလောက က ပိုဆိုးရွာလာတယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါကြောင့်လည်း ဆောက်လုပ်ရေးကုမ္ပဏီသုံးခုထက်မနည်း အခုရက်ပိုင်းမှာတင် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်းကြေညာထားပြီးဆောက်လုပ်ရေးလောကဟာ ရေရှည် ပိုဆိုးလာနိုင်တယ်လို့ အထက်ပါ လုပ်ငန်းရှင်ကပြောပါတယ်။
တဖက်မှာလည်း ကွန်ဒို တွေမှာကြိုပွိုင့်၀ယ်ယူထားသူတွေက သတ်မှတ်ငွေအပြည့်ပေးသွင်းပြီးတဲ့အထိ အခန်းမရတဲ့ ဖြစ်စဉ်တွေရှိလာပါတယ်။
လတ်တလောလူထုနွေဦးက ရရှိထားတဲ့ အချက် အလက်တွေ အရ ရန်ကုန်မြို့က နာမည်ကြီးကွန်ဒိုတွေ ဖြစ်တဲ့ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က The Central Tower 8 နဲ့ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းအနီးက Emerald Bay အဆင့်မြင့်ကွန်ဒိုမီနီယံစီမံကိန်းက အခန်းတွေ ဖြစ်တယ်လို့ ကြိုပွိုင့်၀ယ်ယူထားပြီး ငွေပေးသွင်းပြီး အခန်းမရသေတဲ့သူတွေက အသိပေးထားပါတယ်။
“ငွေယူထားပြီး သတ်မှတ်ကာလ ရောက်တဲ့အထိ အခန်းမအပ်နိုင်ဘူးဆိုတာ ကျားဖြန့်တွေကို တရား၀င်ခွင့်ပြုထားသလို ဖြစ်နေတယ်”လို့ အိမ်ခြံမြေ ဥပဒေအကျိုးဆောင် အထက်တန်းရှေ့နေတစ်ဦးက ပြောပါတယ်။
The Central Tower 8 ကို တရုတ်နိုင်ငံသား အိမ်ခြံမြေကျွမ်းကျင်သူ စတီဖင် ဆိုသူပိုင်တဲ့ Marga Group က Marga Land mark Development ကုမ္ပဏီက တည်ဆောင်ဖို့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဆီက ခွင့်ပြုမိန့်ရခဲ့တာဖြစ်ပါတယ်။
စာချုပ်ပါ အချက်အလက်တွေအရ ကြိုပွိုင့်နဲ့၀ယ်ယူထားသူတွေကို ၂၀၂၀ မှာ အခန်းအပ်မယ်လို့ ကတိက၀တ်ပြုထားပေမယ့် ၂၀၂၆ ခုနှစ်အထိ အခန်းမအပ်နိုင်သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဖြစ်သူဦးရှိန်၀င်းရဲ့ တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီ ရှယ်ယာပါတဲ့ Emerald Bay ကွန်ဒိုမီနီယံစီမံကိန်း တာဝါနံပါတ် (၃) ကလည်း လုပ်ငန်းခွင့်ပြုချက်မရသေးဘဲ ကြိုပွိုင့်၀ယ်ယူထားသူတွေဆီက ငွေထပ်မံတောင်းခံနေတာကြောင့် အငြင်းပွားမှုတွေ ရှိနေပါတယ်။
Emerald Bay စီမံကိန်းကို စင်ကာပူအခြေစိုက် Golden Paragon Investment ကုမ္ပဏီက ဖော်ဆောင်နေခြင်းဖြစ် တရုတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေနဲ့ မြန်မာဘက်က တက်လမ်းကုမ္ပဏီလည်း ပါ၀င်ထားတယ်လို့ သိရပါတယ်။
“ဆောက်လုပ်ရေးပစ္စည်းစျေးကတောက်လျှောက်တက်လာတာ၊ဥပမာသံဆိုလည်းသွင်းခွင့်မရတော့ ပစ္စည်းပြတ်တယ်။ ရှိတဲ့ဟာကို စျေးချိန်ရောက်တော့ စျေးတွေကအလိုလိုတက်ကုန်တာပဲ။အပြင်က သွင်းတဲ့ သံတင်တက်တာလားဆိုတော့လည်းမဟုတ်ဘူး။ ပြည်တွင်းကထုတ်တဲ့အုတ်စျေးတွေကလည်းတက်တာ။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ၃၀၀ တန်အုတ်တလုံးက ခု ၄၅၀ ဖြစ်နေပြီ။ အဲဒီတော့၂၀၂၄ တုန်းကအိမ်ဆောက်ဖို့တွက်ချက်ထားပြီး မဆောက်ဖြစ်ဘဲ ခုအချိန်မှာဆောက်မယ်ဆိုရင် အဲဒီတွက်ထားတဲ့ငွေက တစ်အိမ်စာမရတော့ဘူးဖောင်ဒေးရှင်းသာသာပဲရတော့မယ်။ခုကာလ က တကယ်နေဖို့ဆောက်ချင်သူတွေလည်း အတော်မစားသာသလို ဆောက်လုပ်နေတဲ့သူတွေလည်း ရပ်မသွားအောင်သာဆက်နေကြရတဲ့သဘောမျိုးဖြစ်တယ်” လို့ဆောက်လုပ်ရေးလုပ်ငန်းတွေမှာကြုံတွေ့နေရတဲ့အခက်အခဲကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကရှင်းပြပါတယ်။
အာဏာသိမ်းစစ်တပ်လက်ထက်မှာ ကျပ်ငွေဖောင်းပွမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးကြီးကုန်တာ ၊ ပြည်ပမှ ဆောက်လုပ်ရေးပစ္စည်းတင်သွင်းမှု တွေပိတ်ထားတဲ့ သံအပါအဝင်ဆောက်လုပ်ရေးပစ္စည်းတွေဈေးကြီးကုန်တာ ၊စစ်တပ်က စစ်မှုထမ်းအတွက်လူငယ်တွေကို အဓမ္မစစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာကြောင့် ဆောက်လုပ်ရေးအလုပ်သမားတွေရှားပါးလာတာစတဲ့ ပြသာနာတွေကြောင့် ဆောက်လုပ်ရေးလောကဟာ အကြပ်အတည်းကြုံနေရပြီဖြစ်တယ်လို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကပြောပါတယ် ။
စစ်တပ်အာဏာသိမ်းမှုကြောင့်ပြည်ပရင်းနှီးမြှပ်နှံမှုနည်းပါးတာ၊ပြည်ပချေးငွေမရတာ၊ကုန်သွယ်ရေးကျဆင်းတာ စတာတွေကြောင့် စစ်တပ်က နိုင်ငံခြားငွေနည်းပါးတာကိုအကြောင်းပြပြီးပြည်ပကကုန်ပစ္စည်းတင်သွင်းမှုတွေအားလုံးကို တင်းကြပ်ကန့်သတ်ထားတာဖြစ်ပါတယ်။စားသောက်ကုန်၊ဆေးဝါးကအစ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကိုပါကန့်သတ်တားမြစ်နေတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်မှာ ဘီလပ်မြေတစ်အိပ် ၆၀၀၀ ကျပ်သာရှိပေမယ့် အခုအခါ သုံးဆကျော်ဈေးတက်သွားပြီ တစ်အိတ် ၂၀၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ် ။နယ်တွေမှာတော့ ဈေးနှုန်းကပိုကြီးပါတယ် ။
အာဏာသိမ်းစစ်တပ်လက်အောက်မှာ ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေအပ်ထားရတာကိုမယုံကြည်တဲ့အပြင် ၊ငွေကြေးဖောင်းပွမှုကြောင့် ငွေသားအနေနဲ့မထားချင်ကြပဲ ရွှေလိုပဲ အိမ်ခြံမြေဝယ်ယူစုဆောင်းသူတွေရှိတဲ့အတွက် ဝယ်လိုအားကရှိနေတယ်လို့စုံစမ်းသိရပါတယ် ။ဒါ့အပြင် အခုနာက်ပိုင်း ပြည်တွင်းမှာ ပိုမိုများပြားလာတဲ့ ကျားဖြန့်လုပ်ငန်း(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေကလည်း အိမ်ခြံမြေဝယ်ယူပြီး တရားမဝင်ရတဲ့ငွေ(ငွေမည်း)ကို တရားဝင်ဖြစ်အောင်(ငွေဖြူဖြစ်အောင်)အိမ်ခြံမြေဝယ်ယူတာတွေရှိတယ်လို့ လုပ်ငန်းရှင်အချို့ကပြောပါတယ် ။
ဒါ့အပြင် ရန်ကုန်မြို့ဆောက်လုပ်ရေလောကမှာ ရပ်ကွက်တွေထဲမှာ ကန်ထရိုက်တာတွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ ၊ရန်ကုန်စည်ပင် ယာအုံက အကျင့်ပျက်သူတွေပေါင်းပြီး အများပြည်သူပိုင်မြေတွေမှာရော ၊ ပုဂ္ဂလိကပိုင်မြေတွေပေါ်မှာရော ကန်ထရိုက်တိုက်တွေကြိုပွိုင့်နဲ့ ရောင်းပြီး ဆောက်လုပ်နေကြတာမှာ အချင်းချင်းပြန်တိုင်တဲ့အတွက် စစ်တပ်လက်အောက်ခံ စရဖ နဲ့ စစစ တို့ကပါ လိုက်စစ်ပြီး ဆောက်ပြီးတိုက်တွေကို တရာမဝင်ဆောက်တယ်ဆိုပြီး နေထိုင်ခွင့်ချမပေးဘဲ ပါဝင်သူတွေကို ဖမ်းဆီးစစ်ဆေးတဲ့ အရှုပ်အထွေးတွေလည်းဖြစ်ပွားနေပါတယ် ။



















































