စက်တင်ဘာ၂၂-၂၀၂၆။ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာရှိတဲ့ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း(တတက-၁၃)မှာ စစ်မှုထမ်းအပတ်
စဉ် ၂၈ ကို စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး စစ်တပ်ကကျေးရွာတွေ မှာပေါ်တာဆွဲဖမ်းဆီးတာတွေပိုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement
ပေါ်တာဆွဲခံရသူအများစုဟာ ရွှေလုပ်ကွက်တွေ အများအပြားရှိတဲ့ချောင်းကြီး၊နွယ်ရုံ၊ကျည်ထောက်ပေါက် ရွာတွေကဖြစ်ပါတယ်။ ပြစ်မှုနဲ့ ဖမ်းဆီးခံရသူ တွေကိုပါ စစ်မှု ထမ်းသင်တန်းကိုပို့ထားတယ်လို့သိရပါတယ်။
“ဒီရွာတွေကစစ်တပ်ကပြန်ထိုင်လိုက်ပြီးပုံမှန်သွားလာနေတော့စစ်ကြောင်းလာရင်ပြေးတာ ရှောင်တာတွေမလုပ်ကြတော့ဘူး။အဲဒီရွာ တွေထဲလူငယ်တချို့အဖမ်းခံလိုက်ရတာလို့ သိထားရပါတယ်”လို့ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင်မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်တို့မှာလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေပိုလုပ်လာပြီး စစ်တပ်ထိန်းချုပ်နိုင်တဲ့ နေရာတွေမှာ ညမထွက်ရ အမိန့်ပါထုတ်ပြန်တာ တွေလည်းရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
စဉ့်ကူးမြို့နယ်မှာလည်း စက်တင်ဘာလ၁၃ ရက်နေ့က ဒေသခံတွေပေါ်တာဆွဲခံရပြီး ကားလမ်းနဲ့ နီးတဲ့ရွာတွေကို စစ်မှုထမ်းမဲနှိုက်ဖို့ မိုက်နဲ့ အော်တာ တွေရှိတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
သြဂုတ်လကုန်ပိုင်းမှာ မန္တလေးမြို့ကဂေါ်ဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်အတိုင်း ကချင်ပြည်နယ်ဗန်းမော်မြို့ကို စစ်တပ်ကစစ်ရေယာဥ်အုပ်စုတွေနဲ့ စစ်ကူ ၊လက်နက်ခဲယမ်းရိက္ခာတွေပို့ဆောင်ခဲ့စဥ် KIA နဲ့မဟာမိတ်တွေက ရွှေကူနဲ့ ဗန်းမော်ကြားမှာ စစ်ရေယာဥ် အစီး ၂၀ ခန့်ကိုတိုက်ခိုက် နစ်မြှပ် ဖျက်ဆီးခဲ့ပါတယ် ။တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့
စစ်တပ်ရေယာဥ် ၂ စီး အလံဖြူထောင်လက်နက်ချခဲ့ပြီး စစ်သုံ့ပန်း နဲ့စစ်သားမိသားစုဝင် စုစုပေါင်း၁၅၀ ကျော်ရှိတာမှာစစ်မှုထမ်း(ပစ)စစ်သားသစ်တွေလည်းပါဝင်ပြီး မတ္တရာမြို့နယ်ကအဓမ္မစုဆောင်းခံရတဲ့စစ်သားသစ်တွေလည်းပါဝင်တယ်လို့ သတင်းရရှိပါတယ်။
သပိတ်ကျင်းမြို့နယ်ဟာ ၁၀၂၇စစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ် ။ဒါပေမယ့်၂၀၂၅ခုနှစ် အောက်တိုဘာလမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က မြို့နယ်တခုလုံးကိုစိုးမိုးနိူင်ခြင်းတော့မရှိဘဲပါဘူး ။ဒေသအချို့မှာတော်လှန်ရေးတပ်တွေနဲ့ စစ်တပ် တိုက်ပွဲတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကစစ်သားသစ်လိုအပ်ချက်တွေ များနေတာကြောင့်အရင်ကပိတ်ထားတဲ့စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်နေပြီး အခုအခါ သင်တန်းကျောင်း (၂၇) ခုထိ ဖွင့်လှစ်နေတယ်လို့မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ကထုတ်ပြန်ပါတယ်။
ထပ်တိုးဖွင့်တဲ့စစ်မှုထမ်းစင်တန်းကျောင်းတွေဟာ ကလေးမြို့အခြေစိုက်တတက(၁၀)နဲ့ သပိတ်ကျင်းမြို့နယ်က တတက(၁၃) ဖြစ်တယ်လို့ဖော်ပြပါတယ် ။
နိုင်ငံအနှံ့စစ်မှုထမ်းသင်တန်းကျောင်း၂၇ကျောင်း ဖွင့်လှစ်ထားပြီး၊၂၄ ကျောင်းမှာပုံမှန်စစ်သင်တန်းတွေလေ့ကျင့်ပေးနေတာတွေ့ရတယ်လို့လည်းဆိုပါတယ်။
စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်းတွေမှာထွက်ပြေးဖို့ကြိုးစားတဲ့ သင်တန်းသားတွေကိုပစ်ခတ်ဖမ်းဆီးတာ၊ ပြန်ဖမ်းမိသူတွေကို အပြင်းအထန် နှိပ်စက်ရိုက်နှက်တာတွေကြောင့် အသက်သေဆုံးသူ၊ကိုယ်လက်အင်္ဂါထိခိုက်သွားသူ၊ လစာဖြတ်တောက်ခေါင်းပုံဖြတ်ခံရသူစတဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကျူးလွန်ခံနေရတယ်လို့ MDSI ကအသိပေးထားပါတယ်။



















































