စက်တင်ဘာ-၂၃၊ ၂၀၂၆။ အိမ်သွင်/ People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။
ကနီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုထဲက တပ်ဖွဲ့ဝင် သုံးဦးနဲ့ မိသားစုဝင်အမျိုးသမီးတစ်ဦးဟာ စက်တင်ဘာလလယ်ပိုင်းမှာ လက်နက်ခဲယမ်းအချို့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ထွက်ပြေးလာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
“အလင်းဝင်လာတာက ကျနော်တို့နဲ့ချိတ်ဆက်နိုင်လို့။ သတင်းတွေကြားရသလောက် သူတို့တပ်စွဲထားတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့သူတချို့ရှိတယ်လို့ သိရတယ်။စက်တင်ဘာ၂၀ရက်ကတစ်ယောက်အဲဒီလိုသေဆုံးသွားတယ်လို့သတင်း

Public Service Announcement
အတိအကျပြန်ရတယ်”လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
အလင်းဝင်လာတဲ့ လေးဦးမှာ သုံးဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ပြီး တစ်ဦးက စစ်တပ်မိသားစုဝင်အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင်ထဲမှာ ပါဝင်တဲ့ ကနီမြို့မှာ စစ်တပ်က မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ကနီမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် မတ်လမှာ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ ၁၁ရက်ကြာတိုက်ပွဲအတွင်း မြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီကနီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဝင်(၄၇)ဦး သေဆုံးပြီး အလောင်း (၁၁)လောင်း ရရှိခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ဦးလည်းကျဆုံးခဲ့ပါတယ်။
လက်ရှိ ကနီမြို့မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို မြို့စောင့်တပ်အနေနဲ့ ထားရှိပြီး ၂နှစ်ကျော်ကြာတဲ့အထိ အိမ်ပြန်ခွင့်မရသေးသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂နှစ်ကျော်က ကနီမြို့သိမ်းတိုက်ပွဲမှာလည်း သေဆုံးခဲ့တဲ့ စစ်ကောင်စီ အရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေကို စစ်တပ်က စွန့်ပစ်ခဲ့ပြီး မိသားစုဝင်တွေကိုလည်း ထောက်ပံ့ပေးဖို့ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
လက်ရှိမှာ ကနီမြို့နယ်အပါအဝင် ယင်းမာပင်ခရိုင်ထဲက ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်ကောင်စီကမကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။



















































