အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအတွက် ကမ္ဘောဒီးယားဟာ လုံခြုံဘေးကင်းတဲ့ ခိုလှုံရာတစ်ခု ဖြစ်မလာစေရဘူးလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က ကမ္ဘာလုံးဆိုင်ရာ ကျားဖြန့်တိုက်ဖျက်ရေး ညီလာခံ တစ်ခုရဲ့ ဖွင့်ပွဲမိန့်ခွန်းမှာ ဟွန်မာနတ်က အခုလို ပြောကြားခဲ့ပါတယ်။ ဖနွမ်ပင် မြို့တော်မှာ ကျင်းပတဲ့ ညီလာခံကို အမေရိကန်နဲ့ တရုတ်အပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။
ကမ္ဘောဒီးယား အစိုးရဟာ စက်တင်ဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ ပြုလုပ်မယ့် ညီလာခံအတွင်း နိုင်ငံရဲ့ ကျားဖြန့်တိုက်ဖျက်ရေး အားထုတ်မှုတွေကို နိုင်ငံတကာဆီ ထဲထဲဝင်ဝင် တင်ပြဖို့လည်း စီစဉ်ထားပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကမ္ဘောဒီးယားဟာ ဒေါ်လာ ဘီလီယံတွေနဲ့ချီ တန်ဖိုးရှိတဲ့ ပမာဏမျိုးထိ ကြီးထွားလာတဲ့ ကျားဖြန့် လုပ်ငန်းတွေ အဓိက အခြေစိုက်ရာ နယ်မြေတစ်ခုအဖြစ် နာမည်ဆိုး ထွက်နေတဲ့ ပုံရိပ်ကို ပြောင်းလဲပစ်ဖို့ အစိုးရက ကြိုးစားနေပါတယ်။

Public Service Announcement
ကျားဖြန့်တွေအတွက် ကမ္ဘောဒီးယားဟာ လုံခြုံဘေးကင်းတဲ့ ခိုလှုံရာမျိုး ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဟွန်မာနတ်က ဆိုပါတယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ၁၇ သန်းသော ကမ္ဘောဒီးယား ပြည်သူတွေရဲ့ အသက်မွေး လူနေမှု ဘဝတွေကို ထိခိုက်နှောင့်နှေးအောင် ကျားဖြန့်ဂိုဏ်းတွေက ကြံဆောင်နေတာကို လုံးဝ ခွင့်မပြုနိုင်ကြောင်းလည်း သူက ဆိုပါတယ်။
သူက ကမ္ဘောဒီးယား အစိုးရဟာ ကျားဖြန့် တိုက်ဖျက်ရေးအတွက် အချိန်နဲ့ တပြေးညီ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေတာ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။
ကမ္ဘောဒီးယား အာဏာပိုင်တွေက ပြည်တွင်းမှာ ခြံကြီးဝင်းကြီးနဲ့ အကြီးစား လည်ပတ်နေတဲ့ ကျားဖြန့် လုပ်ငန်းတွေကို သုတ်သင်ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားပေမယ့် တကယ်တမ်း နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အကြီးစား ဒုစရိုက် ရာဇာတွေကိုတော့ မတို့မထိဘဲ လွှတ်ထားဆဲဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဖနွမ်ပင်က ညီလာခံဟာ ကျားဖြန့် တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတဲ့၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံးရဲ့ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဒယ်လ်ဖိုင်ရှန့်ဇ်က ပြောပါတယ်။ ဒါပေမဲ့ အစိုးရအဆင့် အသီးသီးမှာရော၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အပိုင်းမှာပါ လက်ရှိထက် ထိရောက်အောင် ပိုမို မြှင့်တင် ဆောင်ရွက်နိုင်စွမ်းမျိုး ရှိနေဆဲလို့ သူက ဆိုပါတယ်။
စက်တင်ဘာ ၂၁ နဲ့ ၂၂ ရက်နေ့တွေတုန်းက ကမ္ဘောဒီးယား အစိုးရရဲ့ စီစဉ်ပေးမှုအရ သတင်းထောက်တွေဟာ အရင် ကျားဖြန့်လုပ်ငန်း နေရာဟောင်းတွေဆီ လှည့်လည် ကြည့်ရှု လေ့လာခွင့် ရခဲ့ပါတယ်။ အဲဒီထဲက တစ်နေရာဟာ ကျားဖြန့်ဝန်ထမ်း ၂၀၀၀၀ လောက် တပြိုင်တည်း အလုပ်လုပ်လို့ ရလောက်အောင် တည်ဆောက်ထားပါတယ်။
တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီးတွေရဲ့ ဖိအားပေးမှုတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကမ္ဘောဒီးယားဟာ ပြည်တွင်းက ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းမှုတွေ အရှိန်မြှင့် လုပ်ဆောင်လာသလို ကျားဖြန့်ဝန်ထမ်း နိုင်ငံခြားသား သိန်းနဲ့ချီပြီး နယ်နှင်ခဲ့ပါတယ်။
ကိုးကား: Reuters



















































