စက်တင်ဘာ -၂၄၊၂၀၂၆။ခိုင်မြတ်/ People’s Spring
စစ်တွေတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)က စစ်တွေမြို့နယ်တောကန် နဲ့ ဝါဘိုရွာအနီးဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ စခန်းနှစ်ခုကို ဒီရက်ပိုင်းမှာ ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်ရဲ့ ကျားမသောက်တပ်ရင်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)ရဲ့ အဓိကကာကင်းတွေဖြစ်တဲ့တောကန်ရွာဝန်းကျင်ရှိ ကာကင်းစခန်းတခု နဲ့ ဝါဘိုကျွန်း၊ ဝါဘိုရွာဝန်းကျင်က စခန်းတခုတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိတာ ဖြစ်ပါတယ်။
“တိုက်ပွဲပြင်းနေတာကတော့လေးရက်လောက်ရှိပြီ။စခန်းရတာကမနေ့ကနဲ့ ဒီနေ့ (စက်တင်ဘာ ၂၄) ရတာ။စခန်းကြီးတွေတော့ မဟုတ်ဘူး။အလောင်းတွေကတော့ရတာများတယ်။ လက်နက်တွေ၊ ဒရုန်းတွေလည်း ရတယ်” လို့ AA သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ နှစ်မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ တောကန်ရွာအနီးက တပ်စခန်းကိုစက်တင်ဘာ ၂၄ ရက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ဝါဘိုကျွန်းက စခန်းကို စက်တင်ဘာ ၂၃ ရက်မှာ AA ကသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရွှေမင်းဂံရေတပ်စခန်းတဖက်ကမ်း ရဲရိုးပြင် ရွာဝန်းကျင်နဲ့ ကွမ်းတောင်ရွာဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ရဲရိုးပြင်ကကောင်တွေလည်းဆုတ်ပြေးနေကြတယ်။ကွမ်းတောင်နားကကောင်တွေလည်းဝါဘိုကျွန်းဘက်၊ င တောက်တက်(စစ်တွေမြို့နယ်)ဘက်တွေကို ဆုတ်ပြေးကြတယ်။ ကမန်းကတမ်းနဲ့ အကုန်ပတ်ပြေးနေကြလို့ဖမ်းမိတဲ့ကောင်တွေလည်းအများကြီး။ ပစတွေပေ့ါ၊ ဆေးကြောင်နေတဲ့ကောင်တွေ” လို့ အခြားမြေပြင်သတင်းရင်း မြစ်တဦးက ပြောပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို တန်ပြန်ထိုးစစ်ဆင်ခဲ့တဲ့ စက်တင်ဘာ ၄ ရက်မှာပဲ အမြင့်ကျွန်းတံတားဝန်းကျင်က တပ်စခန်း ၁ ခု လက်လွှတ်ခဲ့ရပြီး စစ်တွေမြို့နယ် ကံ့ကော်ကျွန်းရွာဝန်း ကျင်က ကာကင်းစခန်း ၂ ခု၊ ပုဏ္ဏားကျွန်းမြို့နယ် စပါးထား၊ ဆားပို့တောင်၊ ခမောင်းတော၊ ရဲရိုးပြင်ရွာဝန်းကျင် တို့က ခြေ ကုတ်နေရာ ၄ ခုတို့ကိုလည်း လက်လွှတ်ထားရပါတယ်။
ဒီရက်တည်းစခန်း၂ခုထပ်သိမ်းရတာကြောင့် စစ်တွေမြို့နယ်နဲ့ ဆက်စပ်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ ကာကင်းစခန်းတွေနဲ့ ခြေကုတ်နေရာ ၉ ခု ထက် မနည်းကို AA က သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။
အဲဒီလို တပ်စခန်းတွေ လက်လွှတ်နေရတဲ့ စစ်တပ်ဟာလေယာဉ်သုံးစီးထက်မနည်းနဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့ နယ်တို့ကိုဆက်တိုက် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲနဲ့ ဆက်စပ်နေရာတွေကိုကြဲနေတယ်။ ဒီနေ့လည်း ကြဲသွားတယ်။ အရပ်သားအထိအခိုက်ကတော့ ရှိမှာပဲ။ သိတော့မသိရသေး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတဦးက စက်တင်ဘာ ၂၄ ရက်ညနေပိုင်းမှာလူထုနွေဦးကိုပြောပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်ရဲ့ အဓိကရှေ့ထွက်ကာကင်းတွေဖြစ်တဲ့ ဇော်မတက်၊ကံ့ကော်ကျွန်းဝန်းကျင်၊ကျားမသောက်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)တို့ရဲ့ ရှေ့တန်းကာကင်းတွေရှိရာ တော ကန်ရွာဝန်းကျင်တို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်း ရဲရိုးပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲတွေ နေ့စဉ်ရှိနေပါတယ်။
“တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။တရက်ထက်တရက် အသံတွေပိုကျယ်လာသလို ခံစားရတယ်။ကျားမသောက်အနားကိုတောင် ရောက်နေပြီ၊ ကျားမသောက်ကိုလည်း သိမ်းတော့မယ်ဆိုပြီး သတင်းထွက်နေတယ်။ မြို့ထဲက ပိုက် ဆံရှိတဲ့သူတွေဆိုရင် ရန်ကုန်ကို သွားကြပြီ”လို့ စစ်တွေမြို့ထဲမှာနေထိုင်သူတဦးက ပြောပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေးလို့ဝါဒဖြန့်နေကြတဲ့စက်တင်ဘာ ၄ ရက်ကပြန်စတဲ့ တန်ပြန်ထိုးစစ်မှာစစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ဆီ ထိုးစစ်ဆင်ခဲ့ပေမယ့် AA ရဲ့တိုက်ခိုက်မှုကြောင့်စစ်ကြောင်းတွေ နောက်ပြန်ဆုတ်ပြေးနေရပါတယ်။ ဒါ့အပြင်စစ်တပ်စခန်းတွေပါ လက်လွှတ်နေရတာဖြစ်တယ်လို့ မြေပြင်စစ်ရေးရင်းမြစ်နဲ့ဒေသခံတွေကပြောပါတယ်။စစ်တပ်က စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနဲ့ ရွှေမင်းဂံရေတပ်စခန်းတို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ချီသုံးပြီးမြေပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
စစ်တွေအပြင်ကျောက်ဖြူ၊ ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ရှိ AA ထိန်းချုပ်ရာ နေရာ တွေကို စက်တင်ဘာ ၄ ရက်နေ့ကစပြီးတပြိုင်တည်း ထိုးစစ်ဆင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။
အဲဒီလို လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး မြေပြင်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးစားပေမယ့် လက်တွေ့မှာတော့ အထိနာနောက်ပြန်ဆုတ်ရပြီး စစ်ဆင်ရေးစခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကနေစက်တင်ဘာ ၂၄ ရက်ထိ သုံးပတ်တာကာလအတွင်း စစ်တပ်ဘက်က သေဆုံးသူ ရာချီရှိပြီး လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ဒေသခံစစ်ရေးလေ့လာသူတွေက ပြောပါတယ်။



















































