စက်တင်ဘာ ၂၆၊၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၂၄ရက်မှာ ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ အလူး ကျေးရွာအုပ်စု တွေက ရွာတွေကို လက်နက်ကြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့လို့ အလူးကျေးရွာအုပ်စု ရှမ်းစုရွာနေ အသက် ၉နှစ်ကလေးငယ် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပြပါတယ်။ စစ်ကောင်စီရဲ့ တပ်မ(၄၄)က ကျောက်ဖျာကျေးရွာအုပ်စု ကို လက်နက်ကြီး ၁၀လုံး၊ ငှက်ပျောတောကျေးရွာအုပ်စုကို အသေခံဒရုန်း ၁စီးနဲ့ တိုက်ခိုက်ခဲ့သလို အလူးကျေးရွာအုပ်စုကိုလက်နက်ကြီး ၁လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကြောင့် အရပ်သားပိုင် နေအိမ်အချို့လည်း ပျက်စီးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂၂ရက်ကလည်း တိုက်ပွဲမရှိဘဲ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာအုပ်စုအတွင်းရှိ ရာဘာခြံတခုမှ ရာဘာခြံလုပ်သား ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်ဟာ KNU အုပ်ချုပ်နယ်မြေက အရပ်သား ပြည်သူနေထိုင်ရာရွာတွေကိုပစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။ဒါ့အပြင် စစ်ကောင်စီဟာ စာသင်ကျောင်းနဲ့ ကျန်းမာရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


















































