မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဒါကြောင့်လည်း ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းကင်းနဲ့ အမြန်ဆုံး ပြန်နိုင်ရေးကိစ္စ ကူညီဆောင်ရွက်ပေးဖို့ သူတောင်းဆိုကြောင်း ဝန်ကြီးချုပ် တာရစ် ရာမန်က ဆိုပါတယ်။ မြန်မာဖက်ကနေ အတင်းအကျပ် ဖိအားပေးမှုကြောင့် ထွက်ပြေးလာသူ ၁.၂ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရတာ ဖြစ်တယ်လို့ ရာမာန်က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
အကျိုးဆက်အဖြစ် ဘင်္ဂလားဒေ့ရှ်ရဲ့ သယံဇာတ အရင်းအမြစ်၊ သဘာဝ ပတ်ဝန်းကျင်၊ လုံခြုံရေးနဲ့ ဒေသခံ လူ့အဖွဲ့အစည်းတွေအတွက် တွက်ဆလို့ မရနိုင်လောက်အောင် ကြီးမားတဲ့ ဖိအားမျိုး ကြုံတွေ့လာစေတယ်လို့ ရာမန်က ဆိုပါတယ်။
ရိုဟင်ဂျာ အကျပ်အတည်းရဲ့ မူလဇစ်မြစ်နဲ့ အကြောင်းတရားဟာ မြန်မာနိုင်ငံမှာ တည်ရှိနေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် အကျပ်အတည်းအတွက် အဖြေကိုလည်း မြန်မာဖက်မှာပဲ ရှာဖွေရမယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement
သူ့ရဲ့ အမြင်မှာတော့ ပြဿနာအတွက် တစ်ခုတည်းသော ဖြေရှင်းမှုကတော့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မူလနယ်မြေဖြစ်တဲ့ မြန်မာဖက်ကို ဘေးကင်းကင်းနဲ့ စောစော ပြန်ပို့ဖို့ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က မှတ်ချက်ပေးသွားပါတယ်။
အဲဒီ အကျပ်အတည်းကို အဓွန့်ရှည် ထိရောက်တဲ့ ဖြေရှင်းမှုမျိုး ပေးစွမ်းနိုင်ဖို့အတွက် UNနဲ့ နိုင်ငံတကာ အသိုက်အဝန်းဆီက ထိရောက်အားကောင်းတဲ့ ပံ့ပိုးမှုမျိုးကိုလည်း ရာမန်က တောင်းဆိုသွားပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဖြစ်မြောက်စေဖို့၊ မြန်မာဖက်မှာ ဘေးကင်းကင်း ပြန်လည် အခြေချနိုင်တာ သေချာတဲ့ထိ ကူညီပေးကြဖို့ သူက မေတ္တာ ရပ်ခံခဲ့ပါတယ်။ ရွှေ့ပြောင်း ရိုဟင်ဂျာ လူထုအတွက် တရားမျှတမှုကို နိုင်ငံတကာ အသိုက်အဝန်းဖက်က အာမ မခံနိုင်ဘူးဆိုရင် သိပ်မကြာခင် နောက်တစ်ချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကြီးစား အကျပ်အတည်းကြီး ဖြစ်လာမယ်လို့လည်း ရာမန်က သတိပေးသွားပါတယ်။
၂၀၁၇ တုန်းက မြန်မာနိုင်ငံ အနောက်ဖက်မှာ စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ပြီး အဲဒီကစလို့ ရိုဟင်ဂျာ ပြဿနာက တောက်လျှောက် ကြီးထွားလာတယ်လို့ သူက ဆိုပါတယ်။ ၂၀၁၇ ကစပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ကော့စ်ဘဇားမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ခိုလှုံနေထိုင်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ထားပါတယ်။
ကိုးကား: Democrata


















































