စက်တင်ဘာ -၂၇၊၂၀၂၆။ဇော်၀င်း/People’s Spring
တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်က ဒီကနေ့(စက်တင်ဘာ ၂၇ရက်) NLD ပါတီတည်ထောင်တာ (၃၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် IEC ကပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိပါတယ်။
ဒီကနေ့ကာလ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည် ဆောက်ရေး တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ NLD ပါတီတို့အကြား အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
ဒါကြောင့် တိုင်းရင်းသားပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်မူတွေကို အပြည့်အဝ အသိ အမှတ်ပြုကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် တိုင်းရင်းသား အင်အားစု အသီးသီးနဲ့အတူ ဟန်ချက်ညီညီ ဆက်လက် ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့လည်း IEC က တိုက်တွန်းပါတယ်။
” ကျွန်တော်တို့ရဲ့ အခု IEC ပဲပြောပြော ကရင်နီပြည်ရဲ့ ချီတက်နေတဲ့ Bottom up Federalism ရဲ့ အစိတ် အပိုင်း တစ်ခုလို ပြောလို့ရပါတယ်။အဲ့တော့ ပြောရရင်တော့ ခုဏပြောသလို ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးမျိုး ဖြစ်တာပေါ့နော်။ ထို့အတွက်ကြောင့်မလို့ ပြည်နယ်တစ်ခုချင်းစီမှာ ရှိနေတဲ့ မတူညီကွဲပြားတဲ့ လူမျိုးစုတွေ၊ တိုင်းရင်းသား၊ အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ ရှိတာပေါ့နော်။ အဲ့ဒီအပေါ်မှာ ပါတီကြီးတွေ ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ လူမျိုးကြီးတွေ ဖြစ်စေ၊ လူနည်းစုတွေ ဖြစ်စေမတူညီကွဲပြားမှုပေါ့နော်။ ဒီကြားမှာ လူ့အခွင့်အရေးစံနဲ့ပေါ့နော်၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာလွတ်လပ်မှု ကို ကျွန်တော်တို့ အတူတကွ ကျွန်တော်တို့ ဖော်ဆောင်ပြီးတော့မှပေါ့နော် အဲ့ဒါကို ဦးစားပေးတစ်ရပ်အနေနဲ့ ကျွန်တော်တို့ တိုက်တွန်းခြင်း ဖြစ်တယ်”လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက သ၀ဏ်လွှာပေးပို့မှုအပေါ် မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ၎င်းကဆက်ပြီး ” ဒါမှလည်း ကျွန်တော်တို့ အခု တော်လှန်နေတဲ့ အာ စစ်အာဏာရှင်ပြုတ်ကျရေးမှာ ကျွန်တော်တို့ ပိုပြီးတော့မှ ဟန်ချက်ညီမယ်၊ ပြီးတော့မှ ကျွန်တော်တို့ တွေကြားမှာ ပိုပြီးတော့မှ အားကောင်းတဲ့ ရည်မှန်းချက် ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့မှ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကအပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ပေးပို့ရခြင်းဖြစ်ပါတယ်”လို့ ရှင်းပြပါတယ်။
NLD ပါတီက ၁၉၈၈ စက်တင်ဘာ ၂၇ရက်မှာ စတင်တည်ထောင်ခဲ့ပြီးချိန်မှစကာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ်မှု ပုံစံမျိုးစုံကြားကနေ ပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် မဆုတ်မနစ် မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ သမိုင်းဝင်ပါတီကြီးတစ်ခုဖြစ်တယ်လို့ အသိပေးပါတယ်။
သမိုင်းစဉ်တစ်လျှောက် ဒီမိုကရေစီအရေးအတွက် အသက်၊ ခန္ဓာနဲ့ လွတ်လပ်မှုတွေကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ ၊မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။
NLD ပါတီဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ခိုင်မာယုံကြည်အားကိုးမှုကို အပြည့်အဝရရှိထားပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဒီမိုကရေစီစံနှုန်းတွေ စိုက်ထူနိုင်တာ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူထုလူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်တာက ပါတီရဲ့ ထင်ရှားတဲ့ အားသာချက်တွေလို့ ဆိုပါတယ်။
အထူးသဖြင့် စစ်အာဏာရှင်အဆက်ဆက်ရဲ့ မတရားမှုကို ရဲရင့်ပြတ်သားစွာ ယှဉ်ပြိုင်တွန်းလှန်နိုင်ပြီးစည်းလုံးညီညွတ်တဲ့ ပြည်သူ့အင်အားကို စုစည်းနိုင်တာ နဲ့ သမိုင်းဝင်အောင်ပွဲ တွေကို ပြည်သူနဲ့အတူ လက်တွဲဖန်တီးနိုင်ခဲ့တာက စံနမူနာယူဖွယ် အားကောင်းချက်လို့ IEC က ပြောပါတယ်။
NLD ပါတီဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးက တစ်ဆင့် ပေါက်ဖွားလာခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ အများစုမှာ အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း စစ်အာဏာရှင်တွေက တိုင်းပြည်အာဏာကို လွှဲပြောင်းမပေးခဲ့ပါဘူး။
အဲဒီနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း NLD ပါတီက ပြည်သူ လူထု တစ်ခဲနက်ထောက်ခံအားပေးမှုနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၀ ရွေးကောင်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့စစ်တပ်က စွပ်စွဲကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်တပ်က NLDပါတီအဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေအပါအ၀င် ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချသတ်ဖြတ်ခဲ့ပါတယ်။


















































