အမေရိကန် တပ်တွေ အခြေစိုက်တဲ့ ဗြိတိန် လေတပ်စခန်း တစ်ခုကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ ယူဆရသူ ၅ ဦးကို ဗြိတိန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားလိုက်ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့တုန်းက ဂလူဆက်စတာရှိုင်းယားမှာရှိတဲ့ တော်ဝင်လေတပ် ဖဲဖို့ဒ်လေတပ်စခန်း တဝိုက်မှာ အရေးပေါ် ကိုင်တွယ်ရမယ့် အရေးကြီး အခြေအနေ ကြေညာပြီး ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေမှာ နေထိုင်သူတွေကို ပြောင်းရွှေ့စေခဲ့ပါတယ်။
သံသယဖြစ်စရာ အဖြူရောင် ဗင်ကားသုံးစီးက လေတပ်စခန်းဆီ ဦးတည်မောင်းနှင်နေတာကို ထောက်လှမ်းမိတဲ့နောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကြားဖြတ် ဟန့်တားခဲ့တာ ဖြစ်ပါတယ်။ အဲဒီကားတွေဟာ လောင်စာဆီ ကုမ္ပဏီ တစ်ခုရဲ့ တံဆိပ်တွေကို ကပ်ထားပေမယ့် ဖုန်းနံပါတ်က တစ်လုံးလျော့ပြီး မသင်္ကာစရာ ဖြစ်နေလို့ ရဲတွေက ဆက်သွယ်စုံစမ်းတဲ့အခါ ကုမ္ပဏီဖက်က ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဒါ့အပြင်ကားပေါ် ပါလာသူ ၅ ဦးကလည်း မျက်နှာဖုံးတွေ ဝတ်ထားကြပြီး ဖဲဖို့ဒ်လေတပ်စခန်းဆီ ယာဉ်တန်းက တန်းတန်းမတ်မတ် ဦးတည်နေခဲ့ပါတယ်။ ကားပေါ် ပါလာသူတွေရဲ့ အခြေအနေက မသင်္ကာစရာ ဖြစ်နေလို့ သတိပြုမိတဲ့ ဒေသခံ လယ်သမားတွေက ရဲတပ်ဖွဲ့ဆီ ဆက်သွယ် တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ကားတွေကို ကြားဖြတ်ဟန့်တားပြီး ကားထဲမှာ ပါလာတဲ့ ပစ္စည်းတွေကို အဝေးထိန်း စက်ရုပ်တွေ အသုံးပြု စစ်ဆေးတဲ့အခါ ဖောက်ခွဲရေး ပစ္စည်းတွေ အများအပြား တင်ဆောင်လာတာကို တွေ့ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကားပေါ် ပါလာတဲ့ ပစ္စည်းတွေအကြောင်း အသေးစိတ် မှတ်ချက် မပေးသေးပေမယ့် အနီးမှာရှိတဲ့ ဝှဲလ်ဖို့ဒ်ရွာက ဒေသခံတွေကို ချက်ချင်း ရွှေ့ပြောင်းစေခဲ့ပါတယ်။
ကားတွေကို ရပ်တန့်ထားစေတဲ့ နေရာတဝိုက် မီတာ ၄၀၀ ပတ်လည်လောက်ကို အသွားအလာ ကန့်သတ်ထားလိုက်ပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ရတဲ့ အထူးယူနစ် တစ်ခုကိုလည်း ခေါ်ယူထားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်းက လေတပ်စခန်းနားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ပြောပါတယ်။ ဖဲဖို့ဒ်မှာ အမေရိကန်နဲ့ ဗြိတိန် စစ်တပ်တွေကြား ကာလရှည်ကြာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့ပြီး မကြာသေးခင်ကတော့ အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ ကာကွယ်ရေး အစီအမံတွေအတွက် ပျံသန်းတဲ့ အမေရိကန် စစ်လေယာဉ်တွေ အခြေစိုက်ထားကြပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဗြိတိန်မှာ အဖမ်းခံရသူတွေဟာ ထိခိုက်ပျက်စီးမှု အကြီးကြီး ဖြစ်စေမယ့် အဖျက်အမှောင့် လုပ်ရပ်တစ်ခုခုကို ကြံစည်ထားခဲ့ကြောင်း ပြောပါတယ်။ သူတို့ကို အကြာကြီး စောင့်ကြည့်နေခဲ့ဖူးပြီး အခုတော့ ဖမ်းမိပြီလို့လည်း ထရမ့်က ဆိုပါတယ်။
ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ် စထရိတင်းက အခုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဆီ တောက်လျှောက် ဆက်သွယ် ညှိနှိုင်း လုပ်ဆောင်နေတယ်လို့ အတည်ပြုထားပါတယ်။
ဖဲဖို့ဒ်မှာရှိတဲ့ အမေရိကန် တပ်တွေဟာ လုံခြုံရေးသတိ နိုးနိုးကြားကြားရှိဖို့ တပ်လှန့်ထားကြောင်း အမေရိကန် လေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောပေမယ့် ဘယ်လို ကာကွယ်ရေး အစီအမံတွေကို အသက်သွင်းထားသလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ ဂလူဆက်စတာရှိုင်းယား ရဲတပ်ဖွဲ့က ကနဦးအဆင့် စုံစမ်းမှုတွေကို ပူးပေါင်းလုပ်ဆောင်နေပြီး စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ သံသယရှိသူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပြီးဖြစ်ကြောင်း သိရပါတယ်။ ရဲတွေက အခြေအနေကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားပြီလို့လည်း ယူဆနေပါတယ်။
လူ ၅ ဦးကို ဖောက်ခွဲရေး ပစ္စည်းများဆိုင်ရာ ဥပဒေနဲ့ ကနဦး ထိန်းသိမ်းထားပေမယ့် နောက်ဆက်တွဲ အကြမ်းဖက် နှိမ်နင်းရေး ဥပဒေတွေနဲ့ပါ တရားစွဲဆို ခံလာရဖွယ် ရှိနေပါတယ်။ နောက်ထပ် ကြံရာပါတွေ ရှိနိုင်သေးသလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ မက်ဂီ ဘလစ်သ်က အခြေအနေကို ထိန်းထားနိုင်ပြီလို့ ယုံကြည်ကြောင်း ပြန်ဖြေသွားပါတယ်။
အနီးတဝိုက်မှာ နေထိုင်သူတွေကတော့ စက်တင်ဘာ ၂၈ ရက် မနက်ပိုင်း ကတည်းက အပန်းဖြေ စခန်းတစ်ခုဆီ ယာယီ ရွှေ့ပြောင်းထားပြီး ညနေပိုင်းထိ နေအိမ်ပြန်ခွင့် မရသေးဘူးလို့လည်း သိရပါတယ်။
ကိုးကား: BBC


















































