အောက်တိုဘာ – ၁၉ ၊၂၀၂၆
အီတလီရဲ့ အဓိက မြို့ကြီးတစ်မြို့ဖြစ်တဲ့ မီလန်မှာ ဆန္ဒပြသူတွေနဲ့ ရောထွေးပြီး မသမာသူတွေက စတိုးဆိုင်တွေကို ဖောက်ထွင်း လုယက်မှုတွေပါ ကျူးလွန်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ မီလန်မှာ လူနေမှုစရိတ်တွေ မြင့်တက်နေတာကို မကျေနပ်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ပဋိပက္ခတွေ စတင်ဖြစ်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ဖက်ရှင်မြို့တော် တစ်ခုအဖြစ် တင်စားခံရတဲ့ မီလန်ရဲ့ တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ် စတိုးဆိုင်တွေကိုလည်း မသမာသူတွေက ဖောက်ထွင်း လုယက်ခဲ့ကြတာပါ။
အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် ပုံမှန်ဆိုရင် စျေးဝယ်သူတွေနဲ့ စည်ကားနေတတ်တဲ့ ပီယက်ဇာ ဒယ်လ်ဒူယိုမိုနဲ့ တခြား ဆိုင်တန်း ဧရိယာတွေမှာလည်း လူအသွားအလာ ကင်းမဲ့နေပါတယ်။

Public Service Announcement
ဆန္ဒပြပွဲတွေဟာ လူနေမှု စရိတ်တွေ ကြီးမြင့်လာတဲ့အပေါ် မကျေနပ်သူတွေ၊ ပါလက်စတိုင်းအရေး အားပေး ထောက်ခံသူတွေရဲ့ ချီတက်မှုတွေကနေ စတင်လာပြီး အစောပိုင်းတုန်းကတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။
နောက်ပိုင်းမှာ မျက်နှာဖုံးတွေ ဝတ်ထားပြီး ဆူပူအကြမ်းဖက်သူတွေက ရဲတပ်ဖွဲ့ဝင်တွေကို ခဲလုံးတွေ၊ ပလက်ဖောင်း အင်္ဂတေပြားတွေနဲ့ ပစ်ပေါက်ခဲ့သလို ရဲတွေ ချထားတဲ့ အတားအဆီးတွေကိုပါ မီးတင်ရှို့ခဲ့ရာက တင်းမာမှုတွေ စတင်လာပါတယ်။ ရဲတွေကလည်း အဓိကရုဏ်း နှိမ်နင်းရေး မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့က မီလန်မှာ ရဲ ၂ ဦး ဒဏ်ရာရခဲ့ပြီး အသက်မပြည့်သေးသူတွေ အပါအဝင် ဆန္ဒပြသူ ၅၀ လောက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း သိရပါတယ်။
မီလန်မြို့လယ်မှာ စျေးဆိုင်တွေ ပိတ်ကုန်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကလည်း တင်းမာမှုတွေ မြင့်တက်နေတဲ့ ဧရိယာတွေကနေ ရှောင်ဖယ်ကုန်ပါတယ်။ မြို့လယ်က ဒူယိုမို မြေအောက်ရထား ဘူတာကိုလည်း ယာယီ ပိတ်ထားရပါတယ်။
လူမှုကွန်ရက် မီဒီယာတွေပေါ်မှာတော့ လူငယ်တွေလို့ ယူဆရသူ တချို့က အဖိုးတန် အမှတ်တံဆိပ်တွေ ရောင်းချရာ စတိုးဆိုင် မှန်တွေကို ဖောက်ထွင်းပြီး ပစ္စည်းတွေ လုယက်ယူငင် ထွက်ပြေးသွားတာကို တွေ့ခဲ့ရပါတယ်။
ဘိုလော့ဂ်ညာ မြို့မှာလည်း ရဲတွေက အုံကြွသောင်းကျန်းလာတဲ့ ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေနဲ့ ထိုးပြီး လူစုခွဲစေခဲ့ရပါတယ်။
လာမယ့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက အခုလို ရန်လိုသောင်းကျန်းတဲ့ လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဆန္ဒပြတယ်ဆိုတာ ပြည်သူတွေရဲ့ ရပိုင်ခွင့် ဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီထဲမှာ မြို့တွေကို မီးရှို့ခွင့်တော့ မပါဝင်ကြောင်း မယ်လိုနီက ဆိုပါတယ်။ သူက လူရမ်းကားတွေဟာ လူထု ဆန္ဒပြပွဲတွေကို အခွင့်ကောင်းယူပြီး သောင်းကျန်းနေသလို တရားဥပဒေ စိုးမိုးရေး အရာရှိတွေကို တိုက်ခိုက်နေတာလို့လည်း စွပ်စွဲခဲ့ပါတယ်။
အီတလီရဲ့ အိမ်နီးချင်း ပြင်သစ်နိုင်ငံမှာလည်း လောင်စာဆီစျေးတွေ မြင့်လာတာ၊ လူနေမှုစရိတ်တွေ ကြီးမားလာတာ၊ အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ ဆုတ်ယုတ် အားနည်းနေတာကို မကျေနပ်တဲ့ လူထု ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်နေပါတယ်။
ကိုးကား – CNA


















































