ဩစတြေးလျ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးဟာ ကားနဲ့တမင် ဝင်တိုက်တာ ခံခဲ့ရပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရပါတယ်။
ဩဂုတ် ၁၉ ရက်နေ့ တိုက်ခိုက်မှုမှာ ဘယ်အမတ် ဒဏ်ရာရသွားသလဲ ဆိုတာကို ရဲတွေက နာမည်ထုတ် မပြောပေမယ့် သတင်းတွေကတော့ တစ်သီးပုဂ္ဂလအမတ် ဟယ်လန် ဟိုင်းနက်စ် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါတယ်။
ကားနဲ့ ဝင်တိုက်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးထားကြောင်း ဝိတိုရိယပြည်နယ် ယာယီ ရဲမင်းကြီး အက်ရှ်လေ မေဆန်က ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဒဏ်ရာရသူ ဘယ်သူလဲ ဆိုတာကိုတော့ နာမည်တပ် ပြောမသွားခဲ့ပါဘူး။ အခုဖြစ်ရပ်အပြီး လူထုကို ထိခိုက် ခြိမ်းခြောက်နိုင်မယ့် နောက်ဆက်တွဲ အလားအလာမျိုး မရှိဘူးလို့လည်း မေဆန်က အတည်ပြုခဲ့ပါတယ်။ သတင်းတွေမှာတော့ ယာဉ်မောင်း အမျိုးသားဆီက ခေါက်ဓားတစ်လက်ကိုပါ ရဲတွေက သိမ်းဆည်းရမိထားကြောင်း ဖော်ပြ ပါရှိပါတယ်။
တိုက်ခိုက်မှုဟာ မဲလ်ဘုန်းမြို့ရဲ့ အနောက်မြောက်ဖက် ကီလိုမီတာ ၂၀၀ ကျော် အကွာက ဝမ်ဂါရတ်တာမြို့မှာ ဖြစ်ပွားခဲ့တာပါ။ ဟိုင်းနက်စ်ဟာ သူ့ကားပေါ်က ပစ္စည်းတွေကို ချနေချိန် Toyota Land Cruiser SUV ကားတစ်စီးနဲ့ ဝင်တိုက် ခံခဲ့ရတာလို့ သိရပါတယ်။

Public Service Announcement
ဟိုင်းနက်စ်ဟာ Land Cruiserနဲ့ သူ့ကားကြားမှာ ညပ်သွားပြီး ခန္ဓာကိုယ် အောက်ဖက်ပိုင်းနဲ့ ခြေထောက်တွေမှာ အပြင်းအထန် ဒဏ်ရာတွေ ရသွားပါတယ်။ အဖြူရောင် Land Cruiserဟာ ဂငယ်ကွေ့ ပြန်လှည့်လာပြီး အမျိုးသမီးကို တမင် ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။
ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နိစ်ကတော့ တိုက်ခိုက်မှု ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းရင်းကို တိတိကျကျ ပြောဖို့ စောလွန်းနေဆဲလို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ဟိုင်းနက်စ်၊ သူ့မိသားစု၊ သူ့မိတ်ဆွေ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်၊ သူကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းနဲ့အတူ သူအမြန်ဆုံး သက်သာလာဖို့ ဆုတောင်းပေးနေကြောင်း ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
ဟိုင်းနက်စ်ဟာ သူနာပြု၊ သားဖွားဆရာမ တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးပြီး ၂၀၁၉ ကစလို့ ဝိတိုရိယပြည်နယ် အရှေ့မြောက်ဖက် အင်ဒီဒေသရဲ့ အောက်လွှတ်တော် အမတ်အဖြစ် တင်မြှောက် ခံခဲ့ရပါတယ်။
ကိုးကား: CNA


















































