Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား သမ္မတရဲ့ ဖုန်းပြောမှုတွေ ကြားဖြတ် နားထောင်ခံရအပြီး ဂျကာတာမှာ တပ်အင်အား ၂၀၀၀၀ ဖြန့်ကျက်ထား

သမ္မတရဲ့ ဖုန်းပြောမှုတွေကို ကြားဖြတ် ခိုးနားထောင်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့အတူ အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ စစ်သည်အင်အား ၂၀၀၀၀ လောက် ဖြန့်ကျက်ထားလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

သမ္မတရဲ့ ဖုန်းပြောမှုတွေကို ကြားဖြတ် ခိုးနားထောင်မှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့အတူ အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ စစ်သည်အင်အား ၂၀၀၀၀ လောက် ဖြန့်ကျက်ထားလိုက်ကြောင်း သိရပါတယ်။

အဆင့်မြင့် အစိုးရ အရာရှိတွေ၊ စစ်ဘက် အရာရှိတွေ အပါအဝင် သံသယရှိသူတွေဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို ပစ်မှတ်ထားတဲ့ ကြားဖြတ် ဖုန်းခိုးနားထောင်မှု အရှုပ်တော်ပုံထဲမှာ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရက ဂျကာတာမှာ တပ်တွေကို ဖြန့်ကျက်ထားလိုက်ပြီး အရှုပ်တော်ပုံနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေစေတာ ဖြစ်ပါတယ်။

စုံစမ်းမေးမြန်းမှုတွေကိုတော့ သမ္မတရဲ့ ဝန်ထမ်းရေးရာ အကြီးအကဲ အပါအဝင် အတွင်းစည်းမှာ ရှိနေသူတွေပါ ဖြေကြားနေရပါတယ်။ လက်ရှိ အချိန်ထိ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ထိပ်တန်းအဆင့် အရာရှိ ၃ ဦးဟာ ဒီဖြစ်ရပ်နဲ့ ဆက်နွှယ်ပြီး ဖမ်းဆီး ထိန်းသိမ်း ခံထားရပါတယ်။ သူတို့ဟာ သမ္မတသာ မကဘဲ သတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ် ထောက်လှမ်း နားထောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

လတ်တလော ထိန်းသိမ်း ခံထားရသူတွေထဲမှာ အင်ဒိုနီးရှား အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲဟောင်းဖြစ်ပြီး မကြာသေးခင်ကမှ သမ္မတရဲ့ ဝန်ထမ်းရေးရာ အကြီးအကဲ ဖြစ်လာသူ လစ်စတီယို စစ်ဂစ် ပရာဘိုဝိုလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ သမ္မတနဲ့ ပရာဘိုဝို နာမည်ချင်း ဆင်တူပေမယ့် သူတို့နှစ်ဦးဟာ ဆွေမျိုးတော်စပ်မှု မရှိပါဘူး။

Public Service Announcement

Public Service Announcement

သမ္မတကို ပစ်မှတ်ထားတဲ့ ဖုန်းခိုးနားထောင်မှုတွေသာ တကယ်ပဲ ကျူးလွန်ခဲ့တယ်ဆိုရင် ဒီကိစ္စဟာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ နီးနီးစပ်စပ် တူညီတဲ့ ကျူးလွန်မှုမျိုးလို့ သမ္မတ အိမ်တော်က ပြောကြားထားပါတယ်။ ဒါပေမဲ့ ဖုန်းခိုးနားထောင်မှု အရှုပ်တော်ပုံ ထွက်ပေါ်လာအပြီး မြို့တော်မှာ စစ်တပ်တွေ ဖြန့်ကျက်ထားတဲ့ ကိစ္စက ဘယ်လို ဆက်နွှယ်မှု ရှိသလဲ ဆိုတာကိုတော့ အစိုးရက သေချာ ရှင်းပြမထားပါဘူး။

အင်ဒိုနီးရှား ရေတပ်ရဲ့ စစ်ဆင်ရေး ကွပ်ကဲမှု လက်ထောက် အကြီးအကဲဖြစ်သူ ဒုတိယ ရေတပ် ဗိုလ်ချုပ်ကြီး ယာယန် ဆိုဖီယန်ကတော့ တပ်အင်အား ဖြန့်ကျက်မှုတွေကို အခုသီတင်းပတ် အစောပိုင်းမှာ စတင်ခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ပြောကြားထားပါတယ်။

အင်ဒိုနီးရှား စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ်ကြီး မူဟာမက် နက်စ်ကတော့ နိုင်ငံတော် လုံခြုံရေး ထိန်းသိမ်းဖို့အတွက် လိုအပ်ရင် တပ်တွေကို နေရာအပြောင်းအရွှေ့တွေနဲ့ ဖြန့်ကျက်ကြတာက လုပ်ရိုးလုပ်စဉ် နည်းလမ်းတစ်ခုသာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

သမ္မတရဲ့ ဖုန်းပြောဆိုမှုတွေကို ခိုးနားထောင်တဲ့ ကိစ္စမှာ အဓိက နောက်ခံ ရည်ရွယ်ချက်ကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အစိုးရရဲ့ ဥပဒေရေးရာ ဝန်ကြီးဌာနက ဆိုပါတယ်။ စွဲချက်တွေကို လူသိရှင်ကြား မကြေညာသေးပေမယ့် သံသယရှိသူတွေဟာ တရားမဝင် စောင့်ကြည့် ထောက်လှမ်းမှုဆိုင်ရာ ပြစ်မှုတွေနဲ့ တရားစွဲဆို ခံရနိုင်ခြေရှိပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်လောက်ထိ ချမှတ်ခံရနိုင်ပါတယ်။

အခုလို ဖုန်းခိုးနားထောင်မှုတွေဟာ နိုင်ငံတော်၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့အတွက် တကယ်တမ်း လိုအပ်လို့ လုပ်ခဲ့တာမျိုး မဟုတ်ဘဲ တခြားအဖွဲ့အစည်း တစ်ခုခုရဲ့ မူမှန်မဟုတ်တဲ့ ရည်ရွယ်ချက်၊ ဒါမှမဟုတ် အကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တာလို့ သံသယရှိကြောင်း စုံစမ်းစစ်ဆေးရေး အရာရှိတွေက ဆိုပါတယ်။

သံသယရှိသူတွေ စာရင်းမှာ သမ္မတရဲ့ ဝန်ထမ်းရေးရာ အကြီးအကဲကိုယ်တိုင် ပါဝင်လာခြင်းက အခြေအနေတွေကို ပိုမို ရှုပ်ထွေးနေစေပြီး နောက်ထပ် ဆက်နွှယ် ပတ်သက်သူတွေကို ဖော်ထုတ်နိုင်ဖို့လည်း စုံစမ်းစစ်ဆေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကိုးကား: DW

ဆက်စပ်သတင်းများ