နိုဝင်ဘာ-၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရဲအရာရှိ ၁ဦး ရှေ့တန်းက ပြန်လာချိန် ၎င်းရဲ့ နေအိမ်ပေါ်မှာ လူမိုက်တွေ တက်ရောက်နေထိုင်နေပြီး အမှုဖွင့်မရလို့ TikTok လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။
ရဲအရာရှိဟာ ရှေ့တန်းကနေ ပြန်လာချိန်မှာ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း၊ ဘူတာရပ်ကွက်ရှိ ၎င်းတရားဝင်ပိုင်ဆိုင်တဲ့ နေအိမ်ကို လူမိုက်တွေက ကျူးကျော်နေထိုင်နေပြီး သက်ဆိုင်ရာ ရဲစခန်းမှာ သွားရောက်တိုင်ကြားသော်လည်း အမှုဖွင့်ပေးတာမရှိတာကြောင့် TikTok လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် အကူအညီတောင်းခံနေရကြောင်း သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်နေသူတွေက ၎င်းကိုငှက်ကြီးတောင်ဓားရှည်တွေ ကိုင်ဆောင်ကာ အသက်အန္တရာယ်ပြု သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကာယကံရှင် ရဲအရာရှိက ဆိုပါတယ်။

Public Service Announcement
“ရဲတပ်ရင်းတွေနဲ့အတူ ရှေ့တန်းထွက်ခဲ့ပြီးအပြန် ပြန်လာတော့ ကျွန်တော့်အိမ်မှာ လုယက်ခံနေရပါတယ်။ အိမ်ထဲရှိ ကျွန်တော့်ပစ္စည်းများ ခိုးယူခံရပါတယ်။ အိမ်ထဲသို့ ဇိုးများဝင်ရောက်ပြီးတော့ ကျွန်တော့်ကို ၇.၁၁.၂၀၂၆ ရက်နေ့က ငှက်ကြီးတောင် ဓါးရှည်ကြီး ဆွဲကိုင်ပြီးတော့ သတ်ပစ််မယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်။ အိမ်ကိုလည်း လုယက်ထားကြပါတယ်။ ပိုင်နက်ကျူးလွန်နေကြပါတယ်”လို့ ၎င်းက ပြောပါတယ်။
၎င်းအမျိုးသားဟာ အမှန်တကယ် ရဲအရာရှိ ဟုတ်၊မဟုတ် အတည်ပြုလို့ မရသေးပါဘူး။
အဆိုပါ နေအိမ်မှာ တရားဝင် ဂရန်အမည်ပေါက် ပိုင်ဆိုင်တဲ့ အိမ်ဖြစ်တဲ့အပြင် သန်းခေါင်စာရင်း (ပုံစံ ၆၆/၆) နဲ့တရားဝင်နေထိုင်ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ မည်သူ့ကိုမျှ အိမ်ငှားထားခြင်း၊ ဧည့်စာရင်းတိုင်ကြားပေးထားခြင်း လုံးဝမရှိသကဲ့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း ဧည့်စာရင်းထုတ်ပေးထားခြင်းမရှိကြောင်း ထောက်ခံချက်ပေးထားတယ်လို့ ၎င်းက ဆိုပါတယ်။
“ဘာကြောင့်သူတို့ အိမ်ပေါ်တက်နေရတာလဲဝယ်တယ်ပြောလားငှားတယ်ပြောလား။ တခုခုအမှုကဟနေတယ်။ မိသားစုကရောင်း/ငှါးထားလားမှန်ကန်တယ်ဆိုရင်ရှေ့နေငှါးပြီးတရားဆွဲပါမှန်ကန်ကြောင်းသက်သေလိုပါတယ်။ အခုလိုလိုင်းပေါ်အော်နေတာသိက္ခာကျတာပေါ့ဝန်ထမ်းဖြစ်နေတော့”လို့ TikTok သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုပါတယ်။
အဲဒီဖြစ်စဥ်ကို ဦးတင်အေး၊ ဦးနိုင်ဝင်း ဆိုသူတို့အပြင် စမ်းချောင်းမြို့နယ် ရဲစခန်းမှ စခန်းမှူးဒုရဲမှူး ရဲဖြိုးနဲ့ အမှုစစ် ဒုရဲအုပ် အေးမိုးတို့က ကျူးလွန်သူတွေဘက်ကနေအကာအကွယ်ပေးနေတယ်လို့ ကာယကံရှင်က ပြောဆိုထားပါတယ်။
အဆိုပါကိစ္စရပ်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ထံ အဆင့်ဆင့် တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် လူမှုကွန်ရက်ပေါ်ကနေ အကူအညီတောင်းခံလာရတာဖြစ်ကြောင်း သိရပါတယ်။





















































