အင်အားကြီး နိုင်ငံတချို့ ပူးပေါင်း အကောင်အထည်ဖော်မယ့် မျိုးဆက်သစ် အနာဂတ် တိုက်လေယာဉ် စီမံကိန်းမှာ ဂျာမနီလည်း ပါဝင်လာစေဖို့ အပြည့်အဝ ထောက်ခံကြောင်း အီတလီ အစိုးရက ပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး လေယာဉ် စီမံကိန်း (GCAP)လို့ ခေါ်ဝေါ်တဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ဂျာမနီ ပါဝင်လာမှာကို အီတလီက ကန့်ကွက်နေကြောင်း သတင်းတချို့က ဖော်ပြလာတဲ့နောက် အီတလီဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
Financial Times သတင်းဌာနက စတင်ဖော်ပြခဲ့တဲ့ သတင်းဟာ လက်တွေ့ အခြေအနေမှန်တွေနဲ့ လုံးဝ ကွဲပြားနေပြီး အီတလီရဲ့ ရပ်တည်မှုကို လူထုက အထင်အမြင် လွဲသွားစေနိုင်ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့မှာ အီတလီ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အီတလီ GCAPမှာ ဂျာမနီ လာရောက်ပူးပေါင်းမှာကို အမြဲတမ်း လိုလိုလားလား ရှိနေခဲ့ပြီး ဂျာမနီ အစိုးရ အနေနဲ့ အဲဒီကိစ္စကို စဉ်းစားဖို့တောင် အကြံပြု တိုက်တွန်းခဲ့ကြောင်းလည်း ဆိုပါတယ်။

Public Service Announcement
ဂျာမနီဟာ အစောပိုင်းတုန်းက GCAPနဲ့အပြိုင် အကောင်အထည် ဖော်ခဲ့တဲ့ အနာဂတ် တိုက်ခိုက်ရေး လေယာဉ် စနစ် (FCAS)ဆိုတဲ့ စီမံကိန်းမှာ ပါဝင်နေခဲ့တာပါ။ စပိန်၊ ဂျာမနီနဲ့ ပြင်သစ်တို့ အဓိက ပူးပေါင်း အကောင်အထည် ဖော်နေခဲ့တဲ့ စီမံကိန်းဟာ ပြင်သစ်နဲ့ ဂျာမနီ ကုမ္ပဏီတွေကြား လုပ်ပိုင်ခွင့် လွန်ဆွဲမှုကြောင့် အခုနှစ်လယ်မှာ တရားဝင် ရပ်ဆိုင်းသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျာမနီဟာ အနာဂတ် စစ်ပွဲတွေအတွက် အသင့်ဖြစ်နေမယ့် တိုက်လေယာဉ်တွေ တည်ဆောက်ရေး စီမံကိန်း တစ်ခုမှာ ပါဝင်နိုင်ဖို့ အရေးတကြီး လိုအပ်လာပါတယ်။
GCAPဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးအဆင့် သတ်မှတ်ထားတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေထက် အဖက်ဖက်က စွမ်းဆောင်ရည် သာလွန်တဲ့ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ် အသစ်တစ်မျိုး တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။ မူလက ဗြိတိန်နဲ့ အီတလီတို့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ Tempest တိုက်လေယာဉ် စီမံကိန်းကို ဂျပန်ရဲ့ F-X တိုက်လေယာဉ် စီမံကိန်းနဲ့ ပေါင်းစည်းစေပြီး သုံးနိုင်ငံ ပူးပေါင်းထားတဲ့ GCAPအဖြစ် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Financial Times သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဂျာမနီသာ စီမံကိန်းမှာ ပါဝင်လာရင် လေယာဉ်တွေ စတင် ထုတ်လုပ်နိုင်မယ့် လျာထားကာလ နှောင့်နှေးမှုတွေ ဖြစ်ပေါ်လာမှာ၊ လေယာဉ်ဒီဇိုင်းကို အစကနေ ပြန်ညှိရမှာ၊ စီမံကိန်းရဲ့ ခွဲတမ်းရပိုင်ခွင့် လျော့ကျသွားမှာတွေကို စိုးရိမ်တဲ့အတွက် အီတလီက ကန့်ကွက်ခဲ့တာလို့ ပါရှိခဲ့ပါတယ်။
ကိုးကား: Reuters





















































