Connect with us

Hi, what are you looking for?

News

ယင်းမာပင်တွင် ဒေသခံနှစ်ဦးထံမှ ဆိုင်ကယ်လုလာသည့် တပ်ပြေးက စစ်ဆင်ရေးတလျှောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ရာဇဝတ်မှုကျူးလွန်မှုများအကြောင်း ဖွင့်ချ

ဖမ်းမိစစ်ကောင်စီတပ်ပြေးကို ကိုယ်တိုင်သွားမအပ်နိုင်ခြင်းမှာ ၎င်း၏ တူဖြစ်သူ ကာကွယ်ရေးရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်၍ ကျဆုံးခဲ့ခြင်းကြောင့် အခြားလူမှတစ်ဆင့်အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ဒေသခံနှစ်ဦးထံမှ ဆိုင်ကယ် လုလာသည့် စစ်ကောင်စီတပ်ပြေး တစ်ဦးကို လုံးထွေးသတ်ပုတ်ဖမ်းဆီးပြီး မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူများထံ အပ်နှံခဲ့သည်ဟု စစ်ကောင်စီတပ်ပြေးကို ဖမ်းဆီးခဲ့သည့် ဆားလင်းကြီး တစ်ကိုယ်တော်သုဘရာဇာ အမည်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းမာပင်မြို့နယ်ရှိ ချင်းပုန်းနှင့် သပြေအေးရွာ အပါ အဝင် ကျေးရွာများသို့စစ်ကြောင်းထိုးစဉ်လိုက်ပါခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသည် တပ်မှ ထွက်ပြေးလာစဉ် မတ်လတတိယပတ်တွင် ဖိုဝင်းတောင်လမ်းခွဲ အနီး၌ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ တပ်ပြေးသည် ခလရ (၃၆၈)တပ်မှ ဖြစ်ပြီး ယင်းမာပင်မှ ထွက်လာစဉ် မိန်းကလေးတစ်ဦး၏ ဆိုင်ကယ်ကို လုလာကြောင်း၊ ဆိုင်ကယ်ဆီကုန်၍ ရပ်ထားခဲ့ပြီးနောက် ဖိုလ်ဝင်တောင်လမ်းခွဲ၌ လူငယ်တစ်ဦးဆီမှ ဆိုင်ကယ်ကို ထပ်မံလုခဲ့ကြောင်း စစ်ပြေးက ထွက်ဆိုခဲ့သည်ဟု ပြောသည်။

“ဟိုကလေးကနေပြောလို့ ကျွန်တော့်သူငယ်ချင်းက လှမ်းအကြောင်းကြားတယ်။ ဆိုင်ကယ်အလုခံရတယ်ပေါ့။ ဒီကောင်က ဆိုင်ကယ်မောင်းသွားတော့ ကျွန်တော်က အင်ကြင်းတောင်လမ်းခွဲ ကျွန်တော့်ပွိုင့်နားမှာရှိနေတာ။ ကျွန်တော်ကလည်း ကျွန်တော့်အရှေ့နားက ပွိုင့်ကို အကြောင်းကြားပြီး ငါ့ညီ တကယ်လို့များ ဓားလွယ်နဲ့ ကောင်တစ်ယောက် CZI ဘီးနဲ့လာရင် တကယ်လို့ ငါ့လက်က လွတ်ခဲ့သည်ရှိသော် ထိန်းသိမ်းပေးထားပါအုံးလို့ ပြောလိုက်တယ်။ အဲဒါနဲ့ ကျွန်တော် ဆိုင်ကယ် ပစ်မောင်းတော့ ဒီကောင်နဲ့ မျက်နှာချင်းဆိုင်တွေ့တယ်။ ဟိုတလောက မစ်ရှင်လုပ်တဲ့နား မြတ်ကျော်(စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်) ယာဉ်တန်း ခွဲတဲ့နားမှာပဲ။ အဲဒီနားမှာ တစ်ယောက်ချင်းတွေ့တော့ ဆိုင်ကယ်ကိုနောက်ပြန်ကွေ့ပြီး ဟေ့ကောင်ဘာကောင်လဲ မေးတော့ ဒီကောင်က ဆိုင်ကယ်ရပ်ပြီး ကျွန်တော်ကို ဓားနဲ့ခုတ်တယ်။ ခုတ်တော့ အတင်းဝင်လုံးပြီး သူ့လက်ကို ဖမ်းဆုပ်လိုက်ပြီးလက်လိမ်ပြီး ပစ်ကန်လိုက်တာ”ဟု ဆားလင်းကြီးတစ်ကိုယ်တော် သုဘရာဇာက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်း၏ ခြေမလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။ ထို့နောက်ဖမ်းမိသူကိုစစ်ဆေးရာ တပ်ပြေးဖြစ်နေပြီး ၎င်းထံမှ ဖုန်းနှစ်လုံး၊ ဖုန်းငွေဖြည့်ကတ် ၁၂ကတ်၊ ဓားတစ်ချောင်း၊ ပိုက်ဆံ ၁၂၅၀၀၀ သိမ်းဆည်းရမိသည်ဟု ဆိုသည်။

“လူထု ဆိုင်ကယ် နှစ်စီးလုလာတာ။ နှစ်စီး ပိုင်ရှင်လက်ထဲ အတိအကျ ပြန်အပ်လိုက်တယ်။ ဖုန်းငွေဖြည့်ကတ်ကို စုရုံးစုရုံးနဲ့ ရောက်လာတဲ့ ရဲဘော်တွေကို အကုန်ဝေပေးလိုက်တယ်။ ကျွန်တော်တောင်မသုံးဘူး။ နောက်ပြီးတော့ ဓားတစ်ချောင်းရတယ်ဗျ။အဲဒီဓာတ်ပုံ(စစ်ကောင်စီတပ်ပြေးထံမှ ရရှိသည့်ဓားနှင့်အတူရိုက်ကူးထားသည့် ဆားလင်းကြီး တစ်ကိုယ်တော်သုဘရာဇာ၏ ဓာတ်ပုံ)ထဲမှာ ပါတယ် ။ သူ့ပုံက သူ့ကို ကျွန်တော်သိမ်းထားတဲ့ ဖုန်းထဲကရတာ။ ရတာ ကိုမှ ကျွန်တော်က အဲဒီနေ့က မအားလို့ ဆိုပြီး ပွိုင့်ထဲမှာ တာဝန်ယူရလို့ဆိုပြီး လူတစ်ယောက်ကို လွှဲပေး လိုက်တာ။ လွှဲပေးလိုက်တဲ့အခါ အဲဒီလူက တရားခံချည်းပဲ သွားအပ်တာ။ ဖုန်းနှစ်လုံးက သူပဲယူထား လိုက်တာ။ သူစစ်၊ သူမေးမြန်းပြီး လူချည်းပဲ သွားအပ်လိုက်တာ” ဟု ဆားလင်းကြီး တစ်ကိုယ်တော် သုဘရာဇာက ပြောသည်။

ဖမ်းမိစစ်ကောင်စီတပ်ပြေးကို ကိုယ်တိုင်သွားမအပ်နိုင်ခြင်းမှာ ၎င်း၏ တူဖြစ်သူ ကာကွယ်ရေးရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်၍ ကျဆုံးခဲ့ခြင်းကြောင့် အခြားလူမှတစ်ဆင့်အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်ပြေးကို ယင်းမာပင်နယ်ရှိ သပြေအေးဆရာတော် ဗိုလ်သံမဏိအဖွဲ့မှ စစ်ဆေးမေးမြန်းသည့် ရုပ်သံဖိုင်တွင် တပ်ပြေးဖြစ်သူက ကာလအတန်ကြာ လခနှင့် ရိက္ခာမရ၍ ထွက်ပြေးလာခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ထို့ပြင် ၎င်းမတိုင်ခင်ကလည်း ၎င်းတို့တပ်မှတပ်ဖွဲ့ဝင် ၅ဦး ထွက်ပြေးသွားခဲ့သည်ဟု ထွက်ဆိုသည်။ ၎င်းသည် ဒီပဲယင်း၊ ရေဦး၊ တန့်ဆည် မြို့နယ်အတွင်း စစ်ဆင်ရေးများ၌ ပါဝင်ခဲ့သည်ဟု ဆိုသည်။

ယင်းမာပင်မြို့နယ် လက်ပံတောရွာတွင် ၎င်းတို့ စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် အမျိုးသမီးများ သေဆုံးခဲ့ရသည့်ဖြစ်စဉ်ကို အဆိုပါ တပ်ပြေးမှထွက်ဆိုခဲ့ပြီး ချင်းပုန်းရွာ၌ အမျိုးသမီးတစ်ဦးကို ပစ်ခတ်ပြီးစစ်ကောင်စီတပ်သား သုံးဦးထက်မနည်းက အဓမ္မ ပြုကျင့်ခဲ့သည့် ဖြစ်စဉ်ကိုလည်း အဆိုပါ တပ်ပြေးဖြစ်သူက နာမည်များနဲ့တကွ ထွက်ဆိုခဲ့သည်။

စစ်ကောင်စီတပ်များအနေဖြင့် ကျေးရွာများကို ဝင်ရောက် စီးနင်းစဉ် ဒေသခံများ၏ ရိက္ခာများ၊ ငွေကြေးများ အပါအဝင်တွေ့သမျှ အကုန် ခိုးယူခဲသည့် ဖြစ်စဉ်ကိုလည်း ထွက်ဆိုခဲ့သည်။

အဆိုပါ တပ်ပြေးဖြစ်သူက စစ်ကောင်စီတပ်များ ကျေးရွာများသို့ ဝင်ရောက်ပါက လက်နက်ကြီးများဖြင့် ရမ်းမပစ်ရန်၊ မသင်္ကာသည့် အိမ်များကို ဝင်ရှင်းပါက အစားအစာမှ အပကျန်ပသည့် တန်ဖိုးကြီးပစ္စည်းများကို မယူရန်ထွက်ဆိုခဲ့ပြီး ၎င်းအနေဖြင့် ပြည်သူနှင့်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ၎င်း တပ်မှ ထွက်ပြေးလာစဉ် ပြည်သူလူထု နှစ်ဦး၏ ဆိုင်ကယ်ကို ဓားထောက် လုယူခဲ့သည်ဟု ဆားလင်းကြီး တစ်ကိုယ်တော်သုဘရာဇက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။