ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ယူကရိန်းဟာ တိုက်လေယာဉ်တွေ လက်ခံ ရရှိထားပြီလို့ အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။
ရုရှားရဲ့ လေကြောင်း စိုးမိုးမှုကို ချိုးဖျက်ဖို့အတွက် တိုက်လေယာဉ် အသစ်တွေ ပံ့ပိုးပေးဖို့ ဆိုတာဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေဆီ အလေးအနက် တောင်းဆိုထားမှု တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဖက်က ကြည့်ရင်လည်း တိုက်လေယာဉ်တွေ လက်လွှဲပေးဖို့ ဆိုတာဟာ တခြား စစ်လက်နက်တွေ အကူအညီ ပေးတာထက် အများကြီး ပိုမို ခက်ခဲ သိမ်မွေ့တဲ့ ပြဿနာတွေ ရှိနေပါတယ်။
အခုအခါမှာတော့ ယူကရိန်း လေတပ်ဟာ တိုက်လေယာဉ်တွေနဲ့ ဆက်စပ် ပစ္စည်းတွေကို တခြားနိုင်ငံ တစ်ခုဆီကနေ လက်လွှဲ ရယူနိုင်ခဲ့ပြီလို့ အမေရိကန်က ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းဆီ လွှဲပေးလိုက်တဲ့ တိုက်လေယာဉ် အရေအတွက်နဲ့ မူရင်းနိုင်ငံကိုတော့ ထုတ်မပြောခဲ့ပါဘူး။
NATO မဟာမိတ် နိုင်ငံတချို့ဟာ ရုရှားလုပ် တိုက်လေယာဉ်တွေနဲ့ တခြားစစ်လက်နက်တွေကို အသုံးပြုနေဆဲဖြစ်ပြီး အဲဒီ လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပေးဖို့ အမေရိကန်က စေ့စပ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်းကလည်း ရုရှားလုပ် စစ်လက်နက် အများအပြားကို အသုံးပြုနေဆဲပါ။ သမ္မတ ဇီလန်စကီးက NATO အဖွဲ့ဝင် နိုင်ငံတွေ အသုံးပြုနေတဲ့ ရုရှားလုပ် MiG-29 တိုက်လေယာဉ်တွေ လက်လွှဲပေးဖို့ အပူတပြင်း တောင်းဆိုထားပါတယ်။

Public Service Announcement
အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ယူကရိန်း လေယာဉ်မှူးတွေဟာ လတ်တလော ရရှိလိုက်တဲ့ တိုက်လေယာဉ်တွေကို ဘယ်လို ကိုင်တွယ် မောင်းနှင်ရမလဲဆိုတာ အကျွမ်းဝင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန်ဟာ MiG-29တွေ ပိုင်ဆိုင်တဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ယူကရိန်းဆီ ဒီလေယာဉ်တွေ လွှဲပြောင်းနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ လစ်လပ်သွားတဲ့ တိုက်လေယာဉ်တွေ နေရာမှာတော့ အမေရိကန်လုပ် F-16တွေနဲ့ ပြန်အစားထိုးပေးဖို့ အမေရိကန်ဖက်က ညှိနှိုင်းခဲ့တာပါ။
လက်ရှိ အခြေအနေမှာတော့ ယူကရိန်း အရှေ့ပိုင်းက ဒွန်းဘက်စ် ဒေသမှာ ရုရှားက အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို သိမ်းယူမယ့် အစီအစဉ် မအောင်မြင်တဲ့နောက် နိုင်ငံ အရှေ့ပိုင်း ဒေသတွေကို အပြည့်အဝ ထိန်းချုပ်ဖို့ ပစ်မှတ် ပြောင်းလဲလာခဲ့ပါတယ်။ စစ်ရေး သုတေသီတွေကတော့ ဒွန်းဘက်စ် တိုက်ပွဲရဲ့ အလားအလာဟာ ယူကရိန်း-ရုရှား စစ်ပွဲ တစ်ခုလုံးရဲ့ အနိုင်အရှုံး ရလဒ်အပေါ် ကြီးကြီးမားမား သက်ရောက်လာနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။


















































